Bright Training Center

Bright Training Center Professional Education Services Provider

👉 နှစ်သစ်အတွက် 🎉 ရည်မှန်းချက်အသစ်တွေ ချမှတ်ပြီးပြီလား?👉ရည်မှန်းချက်တွေကို 🌱 ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့ ယုံကြည်ချက်အပြည...
01/08/2026

👉 နှစ်သစ်အတွက် 🎉 ရည်မှန်းချက်အသစ်တွေ ချမှတ်ပြီးပြီလား?
👉ရည်မှန်းချက်တွေကို 🌱 ဖြစ်မြောက်အောင်လုပ်ဆောင်ဖို့ ယုံကြည်ချက်အပြည့်ရှိပြီလား?

၂၀၂၆ မှာ သင့်ရဲ့ရည်မှန်းချက်တွေကို SMART ကျကျ ချမှတ်နိုင်ပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ ကျွန်မတို့ရဲ့ “Intention to Action” webinar မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙌

🕒 တနာရီကြာမြင့်မယ့် ဒီ webinar မှာ
✅ SMART framework အသုံးပြုပုံ သင်ယူမယ်
✅ မိမိရဲ့ ရည်မှန်းချက်၊ ပန်းတိုင်များ ကို SMART ကျကျ လက်တွေ့ချမှတ်ရင်း
✅ ပန်းတိုင်ကိုအမှန်တကယ် ရယူနိုင်ဖို့ ယုံကြည်မှုများ တည်ဆောက်ကြပါမယ် 💪

📅 အစီအစဉ်
နေ့စွဲ - ဇန်နဝါရီ ၁၀ ရက် (စနေ)
အချိန် - ည ၇ နာရီ
ပလက်ဖောင်း - Zoom

✨✨ မည်သူမဆို အခမဲ့ ပါဝင်နိုင်ပါတယ်!✨✨
🎯 ပါဝင်လိုသူများအနေဖြင့် စာရင်းသွင်းရန် https://forms.gle/PE6qM2QRBzcUijPFA

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills အမှတ်စဉ်(၆) (online) သင်တန...
01/08/2026

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills အမှတ်စဉ်(၆) (online) သင်တန်းသို့ လျှောက်ထားလိုသူ သင်တန်းသားသင်တန်းသူများသည် ယနေ့(၈-၁-၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီတိတိတွင် အောက်ပါ link သို့ဝင်ရောက်၍ Registration Form ကို ဖြည့်သွင်းရပါမည်။
https://forms.gle/casWFgqrRP2Wy6q26
(လူဦးရေ ၄၀၀ ဦးပြည့်သည်နှင့် Google Form အားပိတ်ပါမည်)
Registration အောင်မြင်သူများကို (၉-၁-၂၀၂၆) ရက်နေ့၌ YUFL page တွင် ကြေညာပေးပါမည်။
အဆိုပါပုဂ္ဂိုလ်များသည် YUFL KBZPay (Quick pay) ဖြင့် စာမေးပွဲကြေး ၁၁-၁-၂၀၂၆ ရက်နေ့မတိုင်မီ ပေးသွင်းရပါမည်။
Exam Form အတွက် google form link ကို ထပ်မံကြေညာပေးပါမည်။

(ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် CHRDသင်တန်း Diploma in Communication English Online ယခုမှ လျောက်ထားသူများသာ)

12/25/2025

ODA

ဖွံ့ဖြိုးရေး အကူအညီဆိုရာဝယ်

ဉာဏ်မှတ်စု

ဒုတိယကမ္ဘာစစ်ကြီးအပြီး ဥရောပအင်ပါယာစနစ် အားပျော့သွားချိန်မှာ “ဖွံ့ဖြိုးရေးအကူအညီ” တွေ စတင်ခေတ်စားခဲ့ပါတယ်။ ဒီအကူအညီတွေရဲ့ ရည်ရွယ်ချက်ဟာ ကိုလိုနီနယ်ချဲ့လမ်းစဥ်ကြောင့် ချမ်းသာနေတဲ့ စက်မှုနိုင်ငံကြီးတွေက ဒီစနစ်ကြောင့် ဒုက္ခရောက်သွားကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ဆင်းရဲတွင်းက လွတ်မြောက်အောင် ကူညီပံ့ပိုးပေးလိုတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ကျနေတာ ဖြစ်လို့ ဒီနိုင်ငံတွေရဲ့ ကြီးပွားတိုးတက်ရေးအတွက် အဓိက လိုအပ်တဲ့ စီမံကိန်းတွေနဲ့ ငွေကြေးကို ဖွံ့ဖြိုးပြီးသား ချမ်းသာတဲ့ နိုင်ငံကြီးတွေက ထုတ်ချေးပေးပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ စီစဥ်ညွှန်ကြားတာ စတာတွေ အားလုံး ဒီမှာ အကျုံးဝင်ပါတယ်။ ဒါပေမဲ့ သမိုင်းကို ပြန်ကြည့်ရင် “ဖွံ့ဖြိုးပြီး” နိုင်ငံတွေလို့ သူတို့ကိုယ်သူတို့ ကင်ပွန်းတပ်ထားတဲ့ အရင်းရှင်နယ်ချဲ့နိုင်ငံကြီးတွေဟာ ဒီအကူအညီတွေကို စေတနာအရင်းခံပြီး လုပ်ဆောင်ခဲ့ကြတာထက် ကိုလိုနီခေတ်လွန် ကမ္ဘာသစ်ကြီးမှာ သူတို့လက်အောက်ခံဘဝက ကျွတ်လွတ်သွားတော့မယ့် ဒေသတွေအပေါ် အခြားနည်းလမ်းတွေနဲ့ ဆက်လက်ထိန်းချုပ်ထားဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် လက်နက်အဖြစ် အသုံးချခဲ့ကြတာပါ။ တနည်းအားဖြင့် နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ သူတို့ရရှိပြီးသား အခွင့်ထူးခံအခြေအနေကို ကိုလိုနီနိုင်ငံကြီးတွေက ဘယ်တုန်းကမျှ လက်မလွှတ်ခဲ့ကြပါဘူး။

ဒါပေမဲ့ အရင်းရှင်အင်ပါယာ နိုင်ငံကြီးတွေဟာ သူတို့ တီထွင်ထားတဲ့ “ဖွံ့ဖြိုး‌‌ရေးအကူအညီ” အသွင်ဆောင် အုပ်စိုးရေးယန္တရားကြီးတွေကို အလွယ်အကူ မမြင်နိုင်အောင် တရားမျှတရေး ရှေးရှုသယောင် ပုံဖော်ထားပြန်တယ်။ သူတို့ဟာ မော်ဒန်ကမ္ဘာကြီးမှာ လူသားတိုင်း မလွဲမသွေ ခေတ်မီတိုးတက်မှုဆီ ဦးတည်နေသင့်တာကြောင်း ဆွယ်တရားဟောကြတဲ့အပြင် ဒီလမ်းကြောင်းမှာ ဆင်းရဲတဲ့ နိုင်ငံတွေဟာ မတော်တဆ (အလိုအလျောက်) နောက်ကောက်ကျ ကျန်နေခဲ့တာကြောင့် ၎င်းတို့လို ဖွံ့ဖြိုးပြီးသား နိုင်ငံကြီးတွေက လက်ကမ်းကြိုဆိုပေးနေကြတဲ့ ကျေးဇူးရှင်ကြီးများ သဖွယ် ပြုမူဆက်ဆံနေတာဟာ ဘာကြောင့်ပါလဲ။

◼ ဖွံ့ဖြိုးရေးအကူညီတွေရဲ့ နောက်ခံအကြောင်းရင်းများ

ဖွံ့ဖြိုးရေးအကူအညီတွေစတင်ပေါက်ဖွားလာပုံကို ခြေရာကောက်ကြည့်ရင် ရည်ရွယ်ချက်တချို့ကို တွေ့ရပါတယ်။

ထိုစဥ်က ကိုလိုနီစနစ်ပြိုပြီးချိန် ဖြစ်လို့ စစ်ပွဲတွေနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ဥ‌ရောပက အင်အားချည့်နဲ့နေချိန်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်မယ့် အခွင့်အရေးကို အချိန်ကိုက် လက်ဦးမှုယူလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးမှု အာဏာအတွက် အမေရိကန်က လွတ်လပ်စ အာရှနဲ့ အာဖရိက တလွှားမှာ သူ့အကျိုးစီးပွားတွေကို ဖြန့်ကျက်ထားဖို့ “ဖွံ့ဖြိုး‌‌‌ရေးအကူအညီ” ဆိုတဲ့ လက်နက်ကို ထုတ်သုံးခဲ့တာပါ။

တချိန်တည်းမှာပဲ ဥရောပရဲ့ အင်ပါယာ ဗဟိုချက်တွေဘက်ကလည်း သူတို့ရဲ့ လက်အောက်ခံ နယ်မြေတွေကနေ ခံစားရယူနေတဲ့ အကျိုးစီးပွားတွေ လက်လွှတ်ပေးရမယ့်အ‌ရေးကို စိုးရိမ်လာကြတယ်။ ဒီလိုနဲ့ မိမိတို့ လက်အောက် ကျရောက်ပြီးသား ဒေသအသီးသီးကို စီးပွားရေးအရရော နိုင်ငံရေးသဘောတရားအရပါ ဆက်ထိန်းထားနိုင်ဖို့အတွက် “အကူညီပေးရေး အစီစဥ်” တွေကို ရည်ရွယ်ချက်ရှိရှိ အကောင်အထည်ဖော်ခဲ့တယ်။

ဒါ့အပြင် ဖွံ့ဖြိုးရေးအကူညီပေးတဲ့ စနစ် ပေါ်ပေါက်လာရတဲ့ နောက်ထပ်အကြောင်းရင်း တစ်ရပ်ကတော့ “နိုင်ငံစုံဗဟုဝါဒ” (သို့) “နိုင်ငံစုံဘက်စုံပူးပေါင်းဆောင်ရွက်ရေး” (multilateralism) အားကောင်းလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီအချိန်က အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ် တို့အကြား စစ်အေးတိုက်ပွဲ (Cold War) အချိန်ကာလမို့ Multilateralism အားကောင်းလာမှသာ ကမ္ဘာ့ကုလသမဂ္ဂ (United Nations-UN) ကို ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိရိယာတစ်ခုအနေနဲ့ ခိုင်မာအောင် လုပ်နိုင်မှာမို့လို့ပါ။

ဒီအချက်မှာ အထူးသတိပြုစရာ တစ်ခု ရှိပါတယ်။ အဲ့တာက ဆိုဗီယက်ယူနီယံနဲ့ မဟာမိတ်တွေကလည်း ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးတဲ့ နိုင်ငံအမြောက်အများကို စီးပွားရေးအကူအညီတွေ ထောက်ပံ့ခဲ့ကြပေမယ့် ဒီအကူညီတွေကို တစ်ခါမျှ “တရားဝင် ဖွံ့ဖြိုးမှုအကူအညီ” (Official Development Assistance - ODA) တွေ အဖြစ် စာရင်းသွင်း ဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲ့တာကြောင့် ODA ဟာ အနောက်အရင်းရှင်နိုင်ငံကြီးတွေက ပေးအပ်တဲ့ အကူအညီတွေကိုသာ “တရားဝင်” အဖြစ် သီးသန့်မှတ်တမ်းတင်ပေးတဲ့ စနစ်တစ်ခုအဖြစ် ယူဆရပါတယ်။

◼ ဖုံးကွယ်ထားတဲ့ အမှန်တရား

ဖွံ့ဖြိုးရေးအကူညီတွေဆိုတာ ရိုးရိုးရှင်းရှင်း ပေါ်ပေါက်လာတဲ့ ဖြစ်စဥ်တွေ မဟုတ်ပါဘူး။ သူ့နောက်ကွယ်မှာ အင်အားကြီးနိုင်ငံအချင်းချင်းကြား နိုင်ငံရေးအတွေးအခေါ်ပွတ်တိုက်မှုတွေ၊ စီးပွားရေးအကျိုးမြတ် ယှဥ်ပြိုင်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပါဝါကစားပွဲ မဟာဗျူဟာတွေ ရောထွေးယှက်လိမ်နေပါတယ်။ ဒီလို ပြင်းထန်တဲ့ နိုင်ငံရေး အားပြိုင်မှုတွေကို ဖုံးကွယ်ဖို့အတွက် “ဖွံ့ဖြိုးရေးအကူညီ” ဆိုတဲ့ စကားလုံးက ကြားခံအဖြစ် အသင့်တော်ဆုံး ခေါင်းစဥ်ဖြစ်လာပါတယ်။

ဒီစကားလုံးရဲ့နောက်မှာ အတူကပ်ပါနေတဲ့ အရာနှစ်ခု ရှိပါတယ်။ ပထမအချက်ကတော့ တစ်ကမ္ဘာလုံး “အရင်းရှင်စနစ်” ဆီ အလုံးစုံ ကူးပြောင်းရေးပါ။ အရင်းရှင်စနစ် (capitalism)၊ ကုန်ကျစရိတ်အနည်းဆုံးနဲ့ အကျိုးအမြတ်ရှာနိုင်ရေး (efficiency)၊ စဥ်ဆက်မပြတ် ကုန်ထုတ်လုပ်ရေး (production)၊ နဲ့ သုံးစွဲမှုအား တိုးမြှင့်ရေး (high consumption) စတဲ့အချက်တွေကို လူသားအားလုံးက မဖြစ်မနေ ပါဝင်လုပ်ဆောင်ရေး အတွက် ရည်ရွယ်ပါတယ်။

ဒုတိယ အချက်ကတော့ နိုင်ငံအားလုံးကြီးပွားချမ်းသာရေးကို အထူးရည်စူးကာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကို စေတနာသဒ္ဒါ ဖြူစင်စွာ၊ ကျင့်ဝတ်ရှိစွာ ကူညီပေးနေတာလို့ အားလုံးယုံကြည်လက်ခံလာရေး ဖြစ်ပါတယ်။ တကယ်တမ်း သူတို့သတ်မှတ်တဲ့ “မဖွံ့ဖြိုးသေးတဲ့လူ့အဖွဲ့အစည်း” ဆိုတာတွေကို ကြည့်မယ်ဆိုရင် တခါက ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်ခဲ့ကြတဲ့ ဒေသတွေ ဖြစ်နေတာ တွေ့ရမှာပါ။

ဒါ့အပြင် ဒီဒေသတွေမှာ ကနဦးကတည်းက ဖြစ်ထွန်းတည်ရှိခဲ့တဲ့ ဘဝရှင်သန်နေထိုင်ရေး အထောက်အကူပြု ယဥ်ကျေးမှုတွေ၊ အရည်သွေးမြင့် နည်းပညာရပ်တွေ၊ သဘာဝတရားကြီးနဲ့ တသားတည်း ဖြစ်အောင် နေထိုင်ပြီး ဂေဟဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ဌာနေရိုးရာဓလေ့ထုံးစံတွေကို မသိကျိုးကျွံပြုခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီဒေသတွေကို မဖွံ့ဖြိုးသေးတဲ့ဒေသတွေအဖြစ် သတ်မှတ်လိုက်တာဟာ ဌာနေတွေရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် နဲ့ လွတ်လပ်ခွင့်တွေကိုမလေးစားဘဲ နိုင်ငံရေးအရ မိမိတို့ လက်အောက်ခံ မှီခိုအဆင့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ နှိမ့်ချလိုက်တာဖြစ်လို့ ကျင့်ဝတ်ဖောက်ဖျက်ရာလည်း ရောက်ပါတယ်။

◼ ရှေ့နောက်မညီမှုတွေနဲ့ ဟန်ပြကျင့်ဝတ်များ

ကိုလိုနီနိုင်ငံကြီးတွေရဲ့ ဦးဆောင်ဦးရွက်ပြုမှုနဲ့ ပေါ်ပေါက်လာတဲ့ ဖွံ့ဖြိုးရေးအကူအညီ ဆိုင်ရာ အယူအဆ၊ လုပ်ငန်းဆောင်တာတွေဟာ ၎င်းတို့အကျိုးစီးပွားကိုသာ ဗဟိုပြုထားပြီး တဖက်သတ် အပေါ်စီးက ကောက်ချက်ဆွဲ ယူဆချက်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါ့အပြင် “အကူအညီ” လို့ ခေါင်းစဥ်တပ်ပြီး နိုင်ငံရေး-စီးပွားရေး ကိုယ်ကျိုး မပါဝင်သယောင်၊ ကျင့်ဝတ်ကို အလေးထားသယောင် ပြောဆိုမှုတွေနဲ့ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အရေးပါတဲ့ အောက်ခြေက ဘဝထွေထွေကို လျစ်လျူရှုထားတဲ့ ကျင့်ဝတ်ဖောက်ပြန်မှုတွေဟာ ရှေ့နဲ့ နောက် ညီမနေပါဘူး။ လက်ရှိအချိန်မှာတော့ အဆိုပါ ဖွံ့ဖြိုးရေးအကူအညီ လုပ်ငန်းစဉ်တွေရဲ့ ရှေ့နောက်မညီတဲ့ သဘောသဘာဝတွေကို ထောက်ပြနေကြတဲ့ ပညာရှင်တွေ အများအပြား ရှိနေပါပြီ။

ဖွံ့ဖြိုးရေးအကူအညီတွေဟာ လက်တွေ့မှာ “ဆန့်ကျင်ဘက်” အကျိုးသက်ရောက်မှုတွေကိုသာ ဖော်ဆောင်နေခဲ့တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထားများစွာ အခိုင်အမာ ရှိနေပေမယ့် အနောက်အခြေပြု အကူညီပေးရေးလောက “Aidland” ထဲမှာတော့ ဒီအကူညီတွေကတဆင့် လူသားတွေရဲ့ ကြီးပွားချမ်းသာရေးကို အောင်အောင်မြင်မြင် အရောက်လှမ်းနိုင်မှာဆိုတဲ့ လက်တွေ့မကျတဲ့ အယူအဆတွေကိုသာ ဆက်လက်ကိုင်စွဲထားကြဆဲ ဖြစ်ပါတယ်။ ဒီအပြုအမူတွေကို ကြည့်ပြီး ကောက်ချက်ဆွဲရမယ်ဆိုရင် သူတို့ဟာ တကယ်အနှစ်သာရပြည့်ဝတဲ့ ဖွံ့ဖြိုးမှုအစစ်ကို ရအောင်လုပ်ချင်တာမဟုတ်ဘဲ သူတို့ရေးဆွဲတဲ့စီမံကိန်းတွေဟာ သိပ်ကိုအောင်မြင်နေတယ်လို့ လူအများထောက်ခံနေဖို့အတွက်သာ ဦးတည်ပုံဖော်နေကြတာပါ။

◼ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ NGO စနစ်သွတ်သွင်းခြင်း

စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်မှာ ဖွံ့ဖြိုးရေးအကူအညီတွေရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အပြောင်းအလဲတွေ သိသိသာသာ ရှိခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေအထိ “ဖွံ့ဖြိုးရေးအကူညီ” တွေဟာ နိုင်ငံတော်အဆင့်အနေနဲ့ အစိုးရတွေကြားမှာသာ လုပ်ဆောင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဒီအကူတွေကို ပုဂ္ဂလိက (Privatization) ပြုလာကြတယ်။

နီယိုလစ်ဘရယ်ခေတ်ရောက်လာချိန် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း “ဖွံ့ဖြိုးရေးအကူညီ” တွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အဝဝကို အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူညီပေးရေး အေဂျင်စီကြီးတွေက ထိန်းချုပ်ခဲ့ကြပြန်တယ်။ အထူးသဖြင့် Oxfam၊ ActionAid၊ Care International၊ Save the Children၊ World Vision စတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းကြီးတွေရဲ့ အခန်းကဏ္ဍက အတော်လေး အားကောင်းလာတယ်။ ဒီအဖွဲ့ကြီးတွေက ပုဂ္ဂလိက အလှူရှင်တွေဆီက လာတဲ့ ငွေရင်းကို အခြေခံ လည်ပတ်ပြီး အစိုးရဖွံ့ဖြိုးရေးအကူညီအဖွဲ့တွေအတွက်လည်း တဆင့်ခံ ကန်ထရိုက်တာအဖြစ် အခကြေးငွေယူ ဝန်ဆောင်မှုပေးပါတယ်။ သူတို့ဟာ မူဝါဒချမှတ်တဲ့အဆင့်ကနေ လက်တွေ့အကောင်ထည်ဖော်တဲ့ အဆင့်အထိ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ နေရာယူထားကြပါတယ်။

ပုံမှန်အားဖြင့် ဒီနိုင်ငံတကာအကူညီရေးရာ ပုဂ္ဂလိကအဖွဲ့အစည်းတွေက အကူအညီလက်ခံတဲ့ နိုင်ငံအသီးသီးမှာ အခြေစိုက်ကြတဲ့ ဒေသခံ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်ကြပါတယ်။ ဒီလိုနည်းက အဲဒီ့ဒေသမှာ အခြေစိုက် စုဖွဲ့လုပ်ရှားနေကြတဲ့ လွတ်လပ်တဲ့ လူထုလှုပ်ရှားမှုတွေကိုလည်း ပုဂ္ဂလိကအဖွဲ့ဖြစ်လာဖို့ ဖိအားပေးနိုင်သလို “NGO-ization” အဖြစ် NGO အသွင်ဆောင်လာအောင် ပုံသွင်းရာမှာလည်း အလွန်ထိရောက်ပါတယ်။

NGO-ization (NGO စနစ်သွတ်သွင်းခြင်း) ဆိုတာက လွတ်လပ်တဲ့ ဒေသတွင်း အဖွဲ့အစည်း ဒါမှမဟုတ် ဒေသအခြေပြုလှုပ်ရှားမှုတစ်ခုကို နိုင်ငံတကာ NGO အဖွဲ့အစည်းကြီးတွေအတွက် အလုပ်လုပ်ပေးရသူ (သို့) ဝန်ဆောင်မှု ရောင်းသူ-ဝယ်သူ ဆက်ဆံရေးမှာ ပါဝင်စေပြီး နိုင်ငံရေးအရဖြစ်စေ အတွေးအခေါ်အရဖြစ်စေ မိမိတို့အဖွဲ့အစည်းရဲ့ လက်အောက်ခံဖြစ်လာအောင် စနစ်တကျ သွတ်သွင်းတာမျိုးကို ဆိုလိုပါတယ်။ နာမည်ကြီး ပုဂ္ဂလိကပိုင် အကူညီပေးရေးဖောင်ဒေးရှင်းကြီးတွေဖြစ်တဲ့ Carnegie Foundation ၊ Ford Foundation၊ Gates Foundation၊ Rockefeller Foundation စတဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အကူညီတွေလက်ခံရာ တောင်ကမ္ဘာခြမ်းနဲ့ ပတ်သက်ပြီး အတွေးအခေါ်ပိုင်းဆိုင်ရာ လက်အောက်ခံဘဝရောက်အောင် သွတ်သွင်းမှုတွေမှာ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်ကောင်ကြီးတွေပါ။ အဲ့တာကြောင့် ကမ္ဘာလုံးဆိုင်ရာ “ဖွံ့ဖြိုးတိုးတက်ရေး အာဂျန်ဒါ” တွေ ရေးဆွဲပြဌာန်းရာမှာ ဒီလို ပုဂ္ဂလိက အဖွဲ့အစည်းတွေက သြဇာကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေခြင်းဟာ ဖွံ့ဖြိုး‌‌ရေးနဲ့ပတ်သက်တဲ့ အယူအဆတွေကို လိုသလို ပုံဖော်ပြီး “ဖွံ့ဖြိုး‌ရေးအကူညီ” တွေကို ပုဂ္ဂလိကပိုင်ဆိုင်မှုဆီ တွန်းပို့နေတဲ့ နောက်ထပ် ပုံစံတမျိုးပါပဲ။

◼ ဖွံ့ဖြိုးရေး ဆိုင်ရာ အယူအမြင်တွေကို လိုသလို ပုံ‌ဖော်ခြင်း

လူသားတွေရဲ့ တိုးတက်ပြောင်းလဲမှု ဖြစ်စဥ်မှာ “ဖွံ့ဖြိုးတိုးတက်မှု” က သဘာဝအလျောက်ပေါ်ပေါက်လာတဲ့ ရှောင်လွှဲလို့ မရတဲ့ အရာအဖြစ် ပုံဖော်လိုက်ခြင်းဟာ လူအများရဲ့ လူသားဖြစ်တည်မှုအပေါ် ဘဝင်ခိုက် စိတ်ကြီးဝင်စေပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ပြောတဲ့အခါမှာ လူသားတွေဟာ သမိုင်းတလျှောက် ချို့တဲ့ရှားပါးတဲ့ အခြေအနေတွေကို ပေါလျှံကြွယ်ဝအောင် ဉာဏ်ရှိရှိ ပြောင်းလဲနိုင်တဲ့ အထူးသက်ရှိတွေဖြစ်သလို နည်းပညာကို တီထွင်ပြီး ခက်ခဲတဲ့ လုပ်အားသုံး ပင်ပန်းဆင်းရဲမှုတွေကနေ လွယ်ကူသက်သာတဲ့ ဘဝနေထိုင်မှုကို ဖန်တီးနိုင်သူတွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။

ဒီလိုပုံသွင်းမှုတွေကတဆင့် လူသားဖြစ်ခြင်းရဲ့ သမိုင်းပေးတာဝန်က “ဖွံ့ဖြိုးတိုးတက်ရေး” မှာ အင်တိုက်အားတိုက် ပါဝင်အားဖြည့်သင့်တယ်ဆိုတဲ့ အမြင်တွေကို နှိုးဆွပေးပါတယ်။ အဲဒီ့ကနေမှ ဖွံ့ဖြိုးတိုးတက်ရေးဆီ သွားရာလမ်းကြောင်းကတော့ လက်ရှိ ဖွံ့ဖြိုးပြီးသား အနောက်ကမ္ဘာက သွားတဲ့ လမ်းကြောင်းပဲ ဖြစ်တယ် ဆိုတာမျိုး သူတို့ရဲ့ နောက်လိုက်၊ လက်အောက်ခံ ဖြစ်အောင် ဆွယ်ပါတယ်။

တနည်းအားဖြင့် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေက သူတို့ပြောတာကို တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သူတို့လို ဖွံ့ဖြိုးမှုကို ရလာမယ်လို့ ထင်ယောင်မှားစေတာပါ။

တဖက်ကလည်း သူတို့အနေနဲ့ “အကူညီပေးရေး” လုပ်ဆောင်ချက်တွေဟာ လူသားချင်းစာနာစိတ်နဲ့ ပိုသာသူက ချို့တဲ့သူကို ‌ဖေးမစောင့်ရှောက်တဲ့ ဒါနရှင်ကြီးတွေ ဖြစ်တယ်ဆိုတာကို အမြဲဖော်ထုတ်တတ်ပါသေးတယ်။ ဒီလိုမျိုး အဖက်ဖက်က ပုံသွင်းဖော်ပြမှုတွေ အားကောင်းတာကြောင့် ဖွံ့ဖြိုးရေးအကူညီတွေရဲ့ တကယ့်ရည်ရွယ်ချက်ဖြစ်တဲ့ “စနစ်တကျ လက်အောက်ခံအဖြစ် သွတ်သွင်းခြင်း” ဆိုတဲ့ အမှန်တရားကို အလွယ်တကူ မြင်နိုင်ဖို့ ခဲယဥ်းသွားပါတယ်။ ဖွံ့ဖြိုး‌ရေးအကူညီ ခေါင်းစဥ်အောက်မှာ နှစ်စဥ် ငွေပမာဏ မြောက်များစွာ အကူညီပေးနေပေမယ့် ဆယ်စုနှစ်နှစ်စုကျော် အကြာအထိ ဒီအကူအညီတွေကြောင့် လက်အောက်ခံအဆင့်ကနေ ရုန်းထွက်နိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ အမှန်တကယ် လွတ်လပ်တဲ့အခြေအနေကို ရောက်ရှိသွားတာမျိုး မတွေ့ရသေးပါဘူး။ ၂၀၁၅ တစ်နှစ်တည်းမှာတင် အစိုးရနဲ့ ပုဂ္ဂလိက ဖွံ့ဖြိုးရေးအကူအညီ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၅ ဘီလီယံ ရှိခဲ့တာပါ။

ဒါ့အပြင် နောက်ထပ် သတိပြုရမယ့်အချက်က လက်ရှိအချိန်မှာ “ဖွံ့ဖြိုးရေးအကူညီ” တွေက တဆင့် အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးနိုင်မှုက တဖြည်းဖြည်း အားလျော့လာနေပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက အဓိက ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်ကို ရောက်ရှိလာနေတာ အားလုံး မျက်မြင်ပါ။ ဒီလိုဖြစ်ဖို့အတွက် အကူညီပေးရေး ကဏ္ဍကို တရုတ်အစိုးရက အကြီးအကျယ် ချဲ့ထွင်ခဲ့ပါတယ်။

အထူးသဖြင့် အာဖရိကတိုက်ကို တရုတ်ကျောထောက်နိုင်ငံ ဖွံ့ဖြိုးရေးအကူညီ အမြောက်အများနဲ့ ဝင်ရောက်နယ်ချဲ့ထားပြီး ကိုလိုနီခေတ်လွန် ကာလမှာ အနောက်ရဲ့ စိုးမိုးမှု အတိုင်းအဆကို စိန်ခေါ်နေပါတယ်။

ဒီအခြေအနေမှာ အကူညီလက်ခံတဲ့ နိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရအရာရှိတွေ၊ ဒေသခံခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ အနုပညာရှင်တွေနဲ့ အကဲဒဲမစ် ပညာရှင်တွေဟာ အကူညီဟန်ပြ အုပ်စိုးမှု ယန္တရားတွေကို ပိုမို သွက်လက်မြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ အေဂျင်စီတွေဖြစ်နေတာ သတိပြုရမှာပါ။ နိုင်ငံရေး၊ စီးပွား‌ရေး၊ အတွေးအခေါ် စတဲ့ ကဏ္ဍအသီးသီးမှာ ဒေသခံအေဂျင်စီတွေရဲ့ လွှမ်းမိုးနိုင်မှုကို ကောင်းကောင်းအသုံးချပြီး အကူညီပေးအပ်တဲ့ နိုင်ငံကြီးတွေ ဒါမှမဟုတ် ပုဂ္ဂလိက အဖွဲ့တွေရဲ့ အာဂျန်ဒါတွေကို သွတ်သွင်းနိုင်မယ့် နည်းဗျူဟာတွေ တပါတည်း ပြင်ဆင်ခဲ့ကြတာပါ။ အဲ့တာကြောင့် အကူညီလက်ခံတဲ့ နိုင်ငံအသီးသီးက ဒေသခံလူထုခေါင်းဆောင်တွေ ရဲ့ အခန်းကဏ္ဍ၊ အတွေးအခေါ်၊ အမြော်အမြင်၊ နဲ့ လုပ်ရပ်တွေက သိပ်ကို အရေးကြီးပါတယ်။

တခါတရံမှာ ဒေသခံအေဂျင်စီတွေကလည်း သူတို့ရဲ့ ကိုယ်ကျိုးအတွက်ကိုသာ ရှေးရှုပြီး ရလာတဲ့ အကူညီတွေအ‌ပေါ် အကျင့်ပျက်ခြစားမှုတွေနဲ့ ထပ်ဆင့်အနိုင်ကျင့်ကြပါသေးတယ်။ တဖက်မှာ “ဖွံ့ဖြိုးရေးအကူညီ” တွေကို နယ်ချဲ့၊ လွှမ်းမိုး၊ အနိုင်ကျင့်၊ အမြတ်ထုတ်ဖို့ ယန္တရားအဖြစ် အသုံးချနေချိန်မှာ ကမ္ဘာကြီးရဲ့ တဖက်မှာ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့ လှုပ်ရှားမှုတွေ အမြောက်အများ ရှိနေပါတယ်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အလွယ်တကူ မမြင်နိုင်တဲ့ အသံတိတ်ဖိနှိပ်မှုတွေနဲ့ “ဖွံ့ဖြိုးတိုးတက်ရေး” အယူအဆကို လက်အောက်ခံဘဝရောက်အောင် သွတ်သွင်းရေးအတွက် လက်နက်သဖွယ် အသုံးပြုနေကြပုံကို အမှန်အတိုင်းသိမြင်ပြီး မတရားမှုတွေကို ရှောင်ရှားနိုင်ဖို့ ဦးဆောင်ကြိုးပမ်းနေကြသူတွေထဲမှာ သဘာဝနဲ့ တသားတည်း နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသား (Indigenous peoples) တွေက ရှေ့တန်းက ပါဝင်နေကြပါတယ်။
Credit​
(ကောက်နှံ)

ကိုးကား

Gould, Jeremy (2019). Development Aid. In A. Kothari, A. Salleh, A. Escobar, F. Demaria, & A. Acosta (Eds.), Pluriverse: A post-development dictionary (pp. 34–37). Tulika Books and Authorsupfront.

(Jeremy Gould ဟာ ဖင်လန်နိုင်ငံ Helsinki နဲ့ Jyvaskyla တက္ကသိုလ်တွေမှာ ဖွံ့ဖြိုးရေးလေ့လာမှုဘာသာရပ် သင်ကြား ပို့ချပေးနေတဲ့ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေရဲ့ အကြံပေးပညာရှင်လည်းဖြစ်သလို အာဖရိကနိုင်ငံတွေ အထူးသဖြင့် တန်ဇန်းနီးယားနဲ့ ဇမ်ဘီယာ တို့ကို ဖွံ့ဖြိုး‌ရေးအကူညီတွေ ဝင်ရောက်လာပုံ သမိုင်းကို ethnographic သုတေသနလုပ်ခဲ့ပြီး လက်ရှိမှာတော့ ကိုလိုနီခေတ်လွန် ဇမ်ဘီယာရဲ့ နိုင်ငံရေးနဲ့ ဥပဒေရေး အချိတ်အဆက်ကို ရေးသားပြုစုနေပါတယ်။)

ဆက်စပ်ဖတ်ရှုရန်

• Apthorpe, Raymond (2011), ‘With Alice in Aidland: A Seriously Satirical Allegory’, in David Mosse (ed.), Adventures in Aidland: The Anthropology of Professionals in International Development. New York and Oxford: Berghahn Books.

• Escobar, Arturo (2011), ‘Introduction to the Second Edition’, Encountering Development: The Making and Unmaking of the Third World. Princeton: Princeton University Press.

• Gould, Jeremy (2005), ‘Timing, Scale and Style: Capacity as Governmentality in Tanzania’, in David Mosse and David Lewis (eds), The Aid Effect: Giving and Governing in International Development. London/Ann Arbor: Pluto Press.

• Mosse, David (2005), Cultivating Development: An Ethnography of Aid Policy and Practice. London: Pluto Press.

Address

Oxford, OH

Website

Alerts

Be the first to know and let us send you an email when Bright Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share