22/01/2026
3D Printing လောကမှာ အသုံးအများဆုံးဖြစ်တဲ့ PLA (Polylactic Acid) အမျိုးအစားတွေဟာ တစ်ခုနဲ့တစ်ခု ရုပ်ပိုင်းဆိုင်ရာရော၊ အားသာချက်တွေမှာပါ သိသိသာသာ ကွာခြားမှုရှိပါတယ်။ ကိုယ်အသုံးပြုမယ့် Project အပေါ်မူတည်ပြီး ရွေးချယ်နိုင်အောင်လို့ ဗဟုသုတလေးအနည်းငယ် မျှဝေပေးလိုက်ပါတယ်
(3D Printing ဆရာကြီးများကျော်သွားပေးပါခင်ဗျာ)
၁။ PLA Basic (Standard PLA)
********************************
ဒါကတော့ အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး အမျိုးအစားပါ။
အားသာချက်: အသုံးပြုရတာ အလွယ်ဆုံးဖြစ်ပြီး Print ထုတ်ရတာ အငြိမ်ဆုံးပါ။ အလွှာတစ်ခုနဲ့တစ်ခု ကပ်နိုင်စွမ်း (Layer adhesion) ကောင်းမွန်ပြီး ခိုင်ခံ့မှုလည်း အသင့်အတင့်ရှိပါတယ်။ ဈေးနှုန်းလည်း အသက်သာဆုံးပါ။
အားနည်းချက်: အပြင်ပန်းကြည့်ရင် Plastic ဆန်ဆန် ပြောင်လက်လက်ဖြစ်နေတတ်လို့ တချို့နေရာတွေမှာ အဆင့်မမီသလို ခံစားရနိုင်ပါတယ်။ Surface Finish က သာမန်ပါပဲ။
အကောင်းဆုံးအသုံးပြုရန်: Prototype များ၊ အစမ်းထုတ်ကြည့်သည့် ပစ္စည်းများနှင့် အထွေထွေ အလှဆင်ပစ္စည်းများ။
၂။ PLA Lite
*************
PLA Lite ဆိုတာကတော့ များသောအားဖြင့် Basic ထက် ပိုပြီး ပေါ့ပါးအောင် ဒါမှမဟုတ် Print ထုတ်ရတာ ပိုချောမွေ့အောင် ပြုပြင်ထားတဲ့ အမျိုးအစားပါ။
အားသာချက်: Flow rate (ကော်ရည်ထွက်နှုန်း) ပိုကောင်းအောင် ဖန်တီးထားတာကြောင့် အမြန်နှုန်းမြင့် (High-speed) 3D printer တွေမှာ သုံးရတာ အဆင်ပြေပါတယ်။ အလေးချိန် အနည်းငယ် ပိုပေါ့တတ်ပါတယ်။
အားနည်းချက်: ခိုင်ခံ့မှုပိုင်းမှာ Basic ထက် အနည်းငယ် လျော့နည်းနိုင်ပါတယ်။
အကောင်းဆုံးအသုံးပြုရန်: အမြန်ထုတ်လုပ်လိုသော ပစ္စည်းများနှင့် အလေးချိန်ပေါ့ပါးရန် လိုအပ်သော Model များ။
၃။ PLA Matte
***************
သူ့ရဲ့ ထူးခြားချက်ကတော့ နည်းနည်းမှ မပြောင်ဘဲ မှိုင်းမှိုင်းလေး (Dull/Non-glossy) ဖြစ်နေတာပါ။
အားသာချက်: Print ထုတ်လိုက်တဲ့ အလွှာကြောင်း (Layer lines) တွေကို ဖုံးကွယ်ပေးနိုင်စွမ်း အကောင်းဆုံးပါ။ ဓာတ်ပုံရိုက်ရင် အလင်းပြန်တာမျိုးမရှိဘဲ ပရော်ဖက်ရှင်နယ် ဆန်ဆန် လှပပါတယ်။
အားနည်းချက်: အလွှာတစ်ခုနဲ့တစ်ခု ကပ်နိုင်စွမ်း (Interlayer bonding) အားနည်းတတ်လို့ အခြား PLA တွေထက် ကျိုးလွယ်/ကြွပ်လွယ်ပါတယ်။ ပွတ်တိုက်မှုဖြစ်ရင် အစင်းရာထင်လွယ်ပါတယ်။
အကောင်းဆုံးအသုံးပြုရန်: ရုပ်ထု (Figures) များ၊ ဗိသုကာ Model များနဲ့ အလှပြပစ္စည်းများ။
၄။ PLA Silk
*************
ဒါကတော့ ပိုးသားလို ပြောင်လက်တောက်ပနေတဲ့ အမျိုးအစားပါ။ Polymer ထဲမှာ Elastomer တွေ ရောစပ်ထားလေ့ရှိပါတယ်။
အားသာချက်: အရမ်းလှပပြီး သတ္တုရောင် (Metallic Look) ပေါက်ပါတယ်။ ပစ္စည်းတစ်ခုကို အဆင့်မြင့်သွားစေတဲ့ အသွင်အပြင် ရှိပါတယ်။
အားနည်းချက်: အလွှာအချင်းချင်း ကပ်တွယ်မှု အားနည်းတတ်သလို၊ Print ထုတ်တဲ့ အပူချိန် မမှန်ရင် အရောင်က ကွက်သွားတတ်ပါတယ်။ ခိုင်ခံ့မှုပိုင်းမှာ အားအနည်းဆုံးဖြစ်တတ်ပြီး Stringing (နန်းကြိုးမျှင်လေးများထွက်ခြင်း) ပိုဖြစ်တတ်ပါတယ်။
အကောင်းဆုံးအသုံးပြုရန်: ဆုတံဆိပ်များ၊ လက်ဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာဘူးများနှင့် အလှပြပစ္စည်းများ။
3D Printer ထုတ်ထားတဲ့ပစ္စည်းတွေဝယ်တဲ့အခါမှာဖြစ်ဖြစ် ၊ 3D Printing နည်းပညာကိုအခုမှစလေ့လာဖို့စဥ်းစားနေတာဖြစ်ဖြစ်၊စိတ်ဝင်စားနေသူများအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။