07/05/2024
အာဆီယံအလှည့်ကျဥက္ကဌ လာအို ဖမ်းပြီး စစ်ကောင်စီထံ လက်လွှဲပေးလိုက်တဲ့ မြန်မာ ၁၇ယောက်ထဲက ၁ယောက် စစ်ကြောရေးမှာ သေဆုံး
++++++++++++++
မေ ၇၊ ၂၀၂၄
လာအိုနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ၁၇ယောက်ကို တော်လှန်ရေးအတွက် ထောက်ပို့လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာအိုရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့ပြီး မေလ ၃ရက်နေ့မှာ မဲခေါင်မြစ်ကိုဖြတ်ပြီး အဲဒီလူတွေကို မြန်မာစစ်တပ်ထံ လွှဲပေးခဲ့ပါတယ်။
အမျိုးသား ၁၃ယောက်၊ အမျိုးသမီး ၄ယောက်ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ဧပြီ ၁၃ရက်နေ့က တော်လှန်ရေးအတွက် ရန်ပုံငွေကောက်ခံနေချိန် လာအိုရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ အခု သူတို့ကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပြီးတဲ့နောက် စစ်ကြောရေးမှာ အသက်သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ ကျိုင်းတုံသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ နှိပ်စက်စစ်ဆေးမှုကြောင့် အမျိုးသား ၁ယောက် သေဆုံးသွားပြီလို့လည်း သိရပါတယ်။
“မေလ ၃ရက်နေ့က မဲခေါင်မြစ်ကို သင်္ဘောနဲ့ဖြတ်ပြီးပို့တာ။ မြန်မာဘက်အခြမ်းရောက်တော့ ကျိုင်းတုံမြို့ကို တစ်ခါတည်းခေါ်သွားပြီးတော့ စစ်ဆေးနေတာ။ စတင်စစ်ဆေးတဲ့ညမှာပဲ တစ်ယောက် သေဆုံးခဲ့ပြီး ကျန်တဲ့လူတွေကိုလည်း ညှင်းပန်းနှိပ်စက်တာတွေ လုပ်နေတယ်” လို့ ကျိုင်းတုံမြို့ခံ သတင်းအရင်းအမြစ်က ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေဆီ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြတဲ့ မြန်မာတွေ များနေတာကြောင့် အဲဒီထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေကို စစ်ကောင်စီက တစ်ဖက်နိုင်ငံ အာဏာပိုင်တွေဆီ အကူအညီတောင်းပြီး ဖမ်းဆီးခိုင်းတာတွေရှိနေတယ်လို့ သူက ဆက်ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသား ၁၃ယောက်ကို ကျိုင်းတုံမြို့က စစ်ကောင်စီတပ်ရင်းတစ်ခုမှာ စစ်ဆေးနေပြီး အမျိုးသမီး ၄ယောက်ကိုတော့ တခြားနေရာတစ်ခုကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး အာဏာသိမ်းစစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့တဲ့ လာအိုနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူထားတာ ဖြစ်ပါတယ်။
ပုံစာ - ဧပြီလ ၁၃ရက်နေ့က တော်လှန်ရေးအတွက် ရန်ပုံငွေ ကောက်ခံနေစဉ်