09/02/2022
Programming ဆိုတာ ဘာလဲ
−−−−−−−−−−−−−−−−−−−−−−
Programming ဆိုတာကို မြန်မာလို အဓိပ္ပါယ် ဖွင့်ရရင် ညွှန်ကြားချက် အစီအစဉ်ချခြင်း ဒါမှမဟုတ် ခိုင်းစေချက် အစီအစဉ်ချခြင်းလို့ ပြောရင် ရမယ်ထင်တယ်။ အဲ့လို အစီအစဉ်တွေချတာ ဘာလုပ်ဖို့လဲဆိုရင် ပြဿနာ ဖြေရှင်းဖို့ပါပဲ။ ပြဿနာဆိုတာ ဘာလဲ နောက်မှ ဆက်ပြောမယ်နော်။
အဲ့တော့ အစီအစဉ်ချခြင်းဆိုတာက ကွန်ပြူတာတွေ၊ ဖုန်းတွေကို ဘာပြီးရင် ဘာလုပ်။ ဘာတွေ့ရင် ဘာပြော။ ဒီတန်ဖိုးနဲ့ နီးစပ်ရင်တော့ ဒီအဖြေဆိုပြီးပြ။ ဘယ်ခလုတ်နှိပ်လိုက်ရင် ဘယ်ကိုရွေ့။ ဘယ်လို ပြဿနာဆိုရင် ဘယ်လိုတွက်ချက်ပြီး ဖြေရှင်း။ အစရှိသဖြင့် လုပ်ဆောင်သင့်တာကို အလိုအလျောက်လုပ်သွားဖို့ ညွှန်ကြားချက်တွေရေးထားလိုက်တယ်။ အဲ့ဒီလို ညွှန်ကြားချက်တွေ၊ ခိုင်းစေချက်တွေကို ခဏခဏ ပြောနေစရာမလိုအောင် စနစ်တကျ ထုတ်ပိုးပြီး File တစ်ခုဖန်တီးလိုက်ရာကနေမှ Software/Program ဆိုတာ ဖြစ်လာတာပေါ့။ အဲ့တော့ Programming ဆိုတာ ခိုင်းစေချက်တွေကို တန်းစီရေးထားတဲ့ File လေးတစ်ခု ဖန်တီးတာလို့ အလွယ်တကူ နားလည်လိုက်လို့ရပါတယ်။
အဲ့လို Program လေး တစ်ခုဖြစ်လာပြီဆိုရင် ကျွန်တော် အပေါ်မှာပြောခဲ့သလို ပြဿနာတွေ ဖြေရှင်းပေးနိုင်တော့မယ်။ ပြဿနာဆိုတာက အခက်အခဲတစ်ခုခုကို ဆိုလိုချင်တာ။ ဥပမာအားဖြင့် ကျွန်တော်တို့ အရင်ခေတ်က စာပို့ချင်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။ အရင်ဆုံး စာရေးရမယ်။ ပြီးတော့ စာအိတ်ဝယ်ရမယ်။ ပြီးရင် တံဆိပ်ခေါင်းဝယ်ကပ်ရမယ်။ ပြီးတော့ စာတိုက်သွားပြီးပို့ရမယ်။ စာတိုက်ရောက်တာနဲ့ ကိုယ်ပို့ချင်လူဆီတန်းမရောက်ဘူး။ ကြာထဲမှာ စာလာသိမ်းတာတွေ၊ စာရောက်သွားတာတွေ၊ အဆင့်တွေ အများကြီးရှိသေးတယ်။
ဆိုတော့ ဒါကဘာလဲဆိုရင် ပြဿနာတစ်ခုပဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလိုက်ကြလဲဆိုတော့ Email ဆိုတဲ့ Program နဲ့ ဖြေရှင်းလိုက်တယ်ဆိုပါတော့။ အခုပို့တာနဲ့ တစ်ခါတည်းတန်းရောက်ပဲ။ ကြားထဲမှ ဘာမှ စောင့်နေစရာမလိုတော့ဘူး။ Email ဆိုတဲ့ Program လေးကလဲ သူ့အလိုလို ကွန်ပျူတာက မွေးလိုက်လို့ ထွက်လာတာတော့ မဟုတ်ဘူး။ လူက ဘယ်လို အလုပ်မျိုးတွေ လုပ်သွားဆိုပြီး ခိုင်းစေချက်တွေကို သေသေချာချာရေးပေးလိုက်လို့ Email ဆိုတာလေးရလာတာ။ ဒါဟာ Programming ရဲ့ သဘောတရားပါပဲ။
ဒါပေမယ့် ကွန်ပြူတာကို ခိုင်းဖို့ ရည်ရွယ်ပြီး ရေးရတဲ့ ခိုင်းစေချက်တွေဖြစ်ဖို့က မြန်မာစာ၊ အင်္ဂလိပ်စာ တွေနဲ့ သွားပြီး Program ရေးလို့ မရပါဘူး။ ကွန်ပြူတာနားလည်တဲ့ Low-level Machine Language ဖြစ်တဲ့ Binary Code 0 1 တွေသုံးပြီး Program ရေးပြီး ခိုင်းရတာပေါ့ဗျာ။ ဥပမာ A လို့ပြောချင်ရင် 01000001။ ဒီလိုဖော်ပြပေးမှ ကွန်ပျူတာက A လို့သိမယ်။ ဆိုတော့ လန့်သွားသလား။
မလန့်ပါနဲ့နော်။ အခုခေတ်မှာ Program ရေးဖို့အတွက် ၁ တွေ ၀ တွေ အမြဲတမ်း သုံးနေစရာ မလိုတော့ပါဘူး။ ရှေးရှေးတုန်းကတော့ ဒီလိုလုပ်ခဲ့ရတာပေါ့။ ဒီနေ့ခေတ်မှာတော့ဖြင့် Programming Language တွေဟာ နာမည် အမျိုးမျိုးနဲ့ မြောက်များစွာ ရှိပါတယ်။ လိုချင်တဲ့ Software အမျိုးအစား ရဖို့ လိုအပ်တဲ့ Programming Lanugage ကို အသုံးပြုပြီး ရေးသားလို့ ရပါတယ်။ သူတို့ကမှ တစ်ဆင့် ကွန်ပြူတာဘာသာစကား 0 1 တွေကို ဘာသာပြန်ပေးနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဒီကိစ္စ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့ Software တစ်ခုရဖို့ Programming Language တစ်ခုခုကို အသုံးပြုပြီး ကွန်ပျူတာကို ခိုင်းလိုက်ရင် ရသွားပါပြီ။
Programming Language က ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ အသေးစိတ်လေး နောက်မှထပ်ပြောပြပါမယ်။ အခုလောလောဆယ်မှာတော့ Programming ဆိုတဲ့ အလုပ်က ဘာကိုပြောတာလဲကို သဘောပေါက်သွားမယ်လို့ထင်ပါတယ်ခင်ဗျ။
အကယ်၍ Programming ကို စိတ်ဝင်စားတယ်။ လူတွေရဲ့ ပြဿနာတွေကို Program ရေးပြီး ဖြေရှင်းပေးချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ပရိုဂရမ်းမင်းကို သူငယ်တန်းက စပြီး သင်ပေးပါတယ်နော်။ သင်တန်းစုံစမ်းလိုရင် (m.me/onezeromm) ကို ဆက်သွယ်နိုင်ပါတယ်။
ကျွန်တော်ပြောခဲ့တာ လိုအပ်ချက်များ ရှိပါက ဝင်ရောက်ထောက်ပြဆွေးနွေး မေးမြန်းနိုင်ပါတယ်နော်။ သဘောကျ နှစ်သက်ခဲ့တယ်ဆိုရင် Like, Follow and Share လေးလဲ လုပ်ပေးသွားပါဦးခင်ဗျာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
−တစ်သုည−