22/04/2020
ဂြိုဟ်တုနဲ့ မြန်မာ့ဆက်သွယ်ရေး အပိုင်း(၁) MM SAT2
ကမ္ဘာတလွှား ဆက်သွယ်ရေး မြန်ဆန်အားကောင်းစေဖို့ ကြိုးစားရာမှာ ဂြိုဟ်တုတွေရဲ့ အရေးပါပုံကို ဒီတပတ်မှာ ပြောပြပါရစေ။
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအတွက် ဂြိုဟ်တုဆက်သွယ်ရေးကွန်ယက်ကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုင်ငံ ပေါင်းစုံကနေ တနှစ်ကို အမေရိကန်ဒေါ်လာ ဆယ်သန်းကျော် လောက်ပေးပြီး ငှါးရမ်း အသုံးပြုနေရာကနေ အခု ပြင်သစ်အခြေစိုက် Intelsat ကုမ္ပဏီကို ၁၅ နှစ်အတွက် ဒေါ်လာသန်းပေါင်း ၁၅၅.၇ သန်းပေးပြီး MyanmarSat 2 ကို ၂၀၁၉ အောက်တိုဘာလနှင့် နိူဝင်ဘာလ လောက်မှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Intelsat ရဲ့ ၂၀၀၁ ခုနှစ်က လွှတ်တင်ထားတဲ့ Intelsat-902 ဂြိုဟ်တုနဲ့ MyanmarSat 1 ကို သုံးတဲ့အချိန်က 2G နဲ့ 3G ဝန်ဆောင်မှုကိုပဲ ပေးနိုင်တာ ဖြစ်ပြီး အခု MyanmarSat 2 အတွက်တော့ Intelsat က ၁၈ နှစ်ကြာပြီ ဖြစ်တဲ့ Intelsat-902 ကို C band လိုင်းနဲ့ Ku band လိုင်းတွေနဲ့ အဆင့်မြှင့်ထားတဲ့ Intelsat-39 နဲ့ အစားထိုးလိုက်တာကြောင့် 3G နဲ့ 4G လို ဆက်သွယ်မှု ပိုမြန်ဆန်တဲ့ မျိုးဆက်တွေအတွက် ဝန်ဆောင်မှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီ Intelsat-39 ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Palo Alto အခြေစိုက် Maxar နည်းပညာကုမ္ပဏီက တည်ဆောက်ပေးတာ ဖြစ်ပြီး သူ့ကို ပြင်သစ် Arianespace ကုမ္ပဏီက သူ့ရဲ့ Ariane 5 ဒုံးပျံနဲ့ တောင်အမေရိကတိုက် အရှေ့မြောက်ဖျားက ပြင်သစ် ဂီယာနာ (French Guiana) မှာရှိတဲ့ Guiana Space Center အာကသစခန်းကနေ မြန်မာစံတော်ချိန် သြဂုတ်လ ၇ ရက်မှာ လွှတ်တင်ခဲ့တာပါ။
အခုလို ဆက်သွယ်ရေးအတွက် အားထားရတဲ့ ဂြိုဟ်တုနဲ့ တခြားဂြိုလ်တုတွေနဲ့ပတ်သက်ပြီး နာဆာ အမေရိကန်အာကာသ စူးစမ်းရေး သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ရှင်းပြပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“ဂြိုဟ်အတု ဆိုတော့ ဂြိုဟ်အစစ်လည်း ရှိတာပေါ့နော်။ အင်္ဂါဂြိုဟ်တို့ ကြသပတေးဂြိုဟ်တို့၊ ဒါက နေကို ပတ်နေတာပေါ့နော်။ လကလည်း ဂြိုဟ်တခုပဲ။ လူလုပ်ပြီး လွှတ်တင်ထားတဲ့ ဂြိုဟ်တု အားလုံးပေါင်းက အခုဆို ၂,၀၀၀ လောက် ရှိတယ်။ ဂြိုဟ်တုက အရွယ်အစား အမျိုးမျိုး ရှိတယ်။ ပုံသဏ္ဍာန်လည်း အမျိုး မျိုး ရှိတယ်။ သူ့ကို အမျိုးအစား အများကြီး ခွဲထားပါတယ်။ အသုံးပြုတဲ့ ဟာနဲ့ ခွဲထားတာ ရှိသလို၊ ပတ်လမ်းပေါ် မူတည်ပြီး ခွဲထားတာလည်း ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း International Space Station က ပတ်နေတာ ဆိုလို့ ရှိရင် Low earth orbit လို့ ခေါ်ပါတယ်။ ပတ်လမ်းအနိမ့်ပါ။ သူဆိုလို့ရှိရင် ကမ္ဘာအထက် မိုင် ၂၅၀ နဲ့ ၃၀၀ ကြားမှာ ၄၀၀ ကြားမှာ သူက အတက်အဆင်းတော့ ရှိတယ်။ ဒါက လူတွေ လွှတ်တင်ထားတဲ့အတွက် သူ့ကို ဂြိုဟ်တု တမျိုးလို့ ခေါ်ပါတယ်။”
ဟုတ်ပါတယ်။ နေစကြဝဠာထဲမှာ သဘာဝအလျှောက် နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်အစစ်တွေလိုပဲ နေကိုပတ်ဖို့ ပတ်လမ်းထဲကို လူသားတွေ လွှတ်တင်ထားတဲ့ ဂြိုဟ်အတုတွေက အများအပြားရှိနေတာပါ။
ဒေါက်တာ ပဒေသာတင်။ ။“ကမ္ဘာပေါ်မှာ ပထမဦးဆုံး လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုက Sputnik ရုရှားက လွှတ်လိုက်တာပါ။ အခု လောလော ဆယ် အမေရိကန်နိုင်ငံကနေ ဆက်သွယ်ရေး အရရော၊ ကာကွယ်ရေး အရရော၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်တာ၊ GPS လို့ ခေါ် တယ်။ အဲဒါမျိုး အားလုံး စုစုပေါင်း ၈၄၀ လောက်ရှိတယ်။ တရုတ်နိုင်ငံ က ၂၉၀ လောက်ရှိတယ်။ ရုရှားက ၁၄၆ ခု၊ ကျန်နိုင်ငံတွေ ကမ္ဘာမှာ ရှိတဲ့ နိုင်ငံတော်တော်များများ အကုန်လုံးပေါင်းလိုက်တဲ့အခါကျတော့ ၆၃၀ - ၆၄၀ လောက် ရှိပါတယ်။”
အခု လွှတ်တင်လိုက်တဲ့ Intelsat-39 ဟာ အရှေ့လောင်ဂျီတွဒ် ၆၂ ဒီဂရီမှာ ရှိနေပြီး အမြင့်က မိုင် ၂ သောင်းကျော်မှာ ရှိနေမှာဖြစ်ပါတယ်။ ဘာကြောင့် အဲဒီလောက် အမြင့်မှာ တင်ထားတာပါလဲ။
ဒေါက်တာ ပဒေသာတင်။ ။“အခုလွှတ်လိုက်တဲ့ Myanmar Set2 – Intelset 39 ဆိုတဲ့ ဂြိုဟ်တု ဖြစ်ပါတယ်။ သူ့ကို တင်ထားတဲ့ ပတ်လမ်း က မိုင် ၂၂,၀၀၀ လောက်မှာပါ။ အဲဒီလောက် အမြင့် ရောက်သွားတဲ့အခါကျလို့ရှိရင် ဂြိုဟ်တုရဲ့ ကမ္ဘာကို တပတ်ပတ်ဖို့ ကြာတဲ့ အချိန်က ၂၄ နာရီ ဆိုတဲ့အခါကျတော့ အောက်ကနေ လှမ်းကြည့်လိုက်တဲ့အခါ တနေရာတည်းမှာ ဒီဂြိုဟ်တုက မရွေ့တဲ့အတိုင်းဖြစ်နေတယ်။ ဒါကို geo synchronized ကမ္ဘာပတ်တဲ့ တရက်ကြာတဲ့ ၂၄ နာရီနဲ့အကိုက် သူက လည်နေတဲ့ဟာ။ အဲဒီတော့ အဲဒီလောက်အမြင့် ဆိုလို့ရှိရင် တနာရီကို မိုင် ၇,၀၀၀ လောက် နဲ့ သူက ပတ်ရပါတယ်။ Arthur C Clarke ဆိုတဲ့ နံမယ်ကြီးတဲ့ သိပ္ပံပညာရှင်က ၁၉၄၅ ခုနှစ်လောက်မှာ သူက အကယ်၍သာ ဒီပစ္စည်းတခုကိုပေါ့နော်၊ ဂြိုဟ်တုပေါ့လေ၊ အခုတော့လည်း။ အဲဒီဂြိုဟ်တုကို အဲဒီလောက် မိုင်အမြင့်မှာ တင်ထားတဲ့ ဂြိုဟ်တု ဟာ ကမ္ဘာနဲ့အကိုက်ပေါ့လေ- geo synchronized orbit ပေါ့နော်၊ အဲဒီမှာပဲ ပတ်နေမယ်။ ဒါ ၂၄ နာရီ ဆို တပတ်ပတ်မယ်ဆိုတဲ့ အခါကျ တော့ အဲဒီနေရာမှာပဲ ရှိမယ်လို့ သူက ဟောကိန်း ထုတ်ခဲ့ပါတယ်။ အဲဒါ ၁၉၄၅ ခုနှစ်မှာပါ။ ဒီ ၁၉၅၇ ခုနှစ်လောက်မှာ Sputnik ကို တင်လိုက်တဲ့အခါကျတော့မှ အဲဒီ geo synchronized orbit အတိုင်း ပတ်တဲ့အခါမှ သူပြောတာ မှန်ပါလား ဆိုပြီး စပြီးတော့ သဘောတူကြတာပေါ့နော်။”
ကမ္ဘာမြေပြင်အထက် အာကာသထဲ လွှတ်တင်တဲ့ ဂြိုဟ်တုတွေမှာ ကမ္ဘာနဲ့ အကွာအဝေးကို လိုက်ပြီး အသုံးပြုမှုကလည်း ကွာခြားပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“အလယ်အလတ်ပေါ့နော်၊ မိုင် တသောင်းခွဲ အောက်လောက်မှာဆိုရင် အဲဒီ ဂြိုဟ်တု ပတ်တဲ့နှုန်းက အရမ်းကို မြန်တယ်။ ပထမ မိုင် ၂ သောင်း ၂ ထောင်က တနာရီ မိုင် ၇,၀၀၀ လောက်။ ဒါပေမယ့် အမြင့်မိုင် တသောင်း ခွဲအောက်လောက် ကျလို့ ရှိရင် သူ့ရဲ့ ပတ်နှုန်းက တနာရီကို မိုင် ၉,၀၀၀ လောက် အထိ ပတ်ရပါတယ်။ နောက် အနိမ့်ပေါ့နော်၊ Low earth orbit satellite ပေါ့။ အဲဒီဂြိုဟ်တုဆိုလို့ရှိရင် တနာရီခွဲတခါ ဆိုတော့ မိနစ် ၉၀ လောက် ကျလို့ရှိရင် ကမ္ဘာကို တပတ် ပတ်ပါတယ်။ အဲဒီတော့ တနေ့ကို အပတ်ပေါင်းများစွာ ပတ်နိုင်ပါတယ်။ အဲဒီ ဂြိုဟ်တုတွေက များသောအားဖြင့် ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်တွေကို အမြဲတမ်း ကြည့်နေတဲ့ ဂြိုဟ်တုတွေဆိုလို့ရှိရင် အဲဒီနေရာမှာ တင်ထားလေ့ရှိပါတယ်။ နောက် စစ်အတွက်သုံးတဲ့ military satellite ပေါ့ - စစ်ရေးမှာ ဗျူဟာမြောက်အောင် ဘယ်နေရာမှာ ဘယ်စစ်သင်္ဘော ဘယ်လို သွားနေတယ်၊ အဏုမြူ ထိပ်ဖူးတွေတင်ထားတဲ့ ဒုံးပျံတွေ တနိုင်ငံနဲ့တနိုင်ငံ ကြည့်နေတဲ့ဟာတွေကို အဲဒါတွေကို military satellite ပေါ့။ သူတို့ကတော့ အနိမ့် ကမ္ဘာ့အထက် မိုင်း ၁၀၀ နဲ့ ၁,၀၀၀ ကြားမှာရှိတယ်။ သူတို့က ဂြိုဟ်တုကနေ လှမ်းပို့တဲ့သတင်းက ချက်ခြင်း အမြန်ရောက်တယ်။ အဲဒါအတွက် ဆိုတဲ့အခါကျတော့ အဲလောက် မိုင်အမြင့်မှာပဲ တင်ပါတယ်။ အဲဒီတော့ ပတ်လမ်းအကွာအဝေးပေါ် မူတည်ပြီး ခွဲတာ အမျိုးအစားပြောမယ်ဆိုလို့ရှိရင် ဆက်သွယ်ရေး၊ နောက် မိုးလေဝသဂြိုဟ်တု၊ ကယ်ဆယ်ရေးဂြိုဟ်တု (disaster area) ပေါ့နော်၊ ဒီ သဘာဝဘေးအန္တရာယ်ကျနေတဲ့အချိန်မှာ ဘယ်နေရာတွေမှာ ဘယ်လောက်အထိ ရေကြီးရေလျှံနေလဲဆိုတဲ့ဟာတွေ။ အဲဒါကတော့ low earth obit နေရာတွေမှာ တင်ထားပါတယ်။
နောက် GPS ပေါ့နော်။ လမ်းပြဂြိုဟ်တု။ ကားသွားတဲ့အခါကျလို့ရှိရင် သုံးတဲ့ဟာတွေ၊ Global Positioning System – အဲဒါ Navigation အတွက်။ နောက် Remote Sensing ဆိုတာ သိပ်ပြီးတော့ ဝေးလံတဲ့နေရာတွေ၊ ချက်ခြင်းမရောက်နိုင်တဲ့နေရာတွေအတွက် သုံးတဲ့ဟာ။ နောက်ပြီးတော့ polar obit satellite ဆိုတာလည်း ရှိပါတယ်။ အဲဒီဂြိုဟ်တုတွေကျ အီကွေတာကို မပတ်ဘဲနဲ့ မြောက်ဝန်ရိုးစွန်းနဲ့ တောင် ဝန်ရိုးစွန်းကိုပတ်တယ်။ မြောက်နဲ့တောင် ဝန်ရိုးစွန်းတွေကို ပတ်တဲ့ polar satellite တွေက များသောအားဖြင့် သိပ္ပံသုတေသနအတွက် ပေါ့နော်။ အဲဒီ ဝန်ရိုးစွန်းတွေမှာ ရေတွေခဲနေတာ၊ ရာသီဥတုပြောင်းနေတာ။ အဲဒါအတွက် လေ့လာတဲ့ဂြိုဟ်တုတွေဖြစ်ပါတယ်။
အဲဒီနောက် မိုင် ၁ သန်းလောက်မြင့်တဲ့ လာဂရန့်ခ်ျပွိုင့် လို့ခေါ်ပါတယ်။ အဲဒီနေရာမှာလည်း ဂြိုဟ်တုတွေရှိတယ်။ အဲဒီနေရာမှာလည်း Hubble Space တယ်လီစကုတ်ပေါ့နော်။ အဝေးကြည့်မှန်ပြောင်းတွေ တင်ထားတဲ့ဂြိုဟ်တုတွေဆိုလို့ရှိရင် ကမ္ဘာ့မြေမျက်နှာပြင်ရဲ့အထက် အမြင့်ကြီးမှာ တင်ထားရပါတယ်။ အဲဒါ ဘာလဲဆိုလို့ရှိရင် စကြဝဠာတခုလုံးကို လေ့လာတဲ့အတွက်။ ဒီ မြန်မာ Sat 2, Intel Sat 39 ကတော့ ဝေးလံတဲ့၊ အရောက်အပေါက်နည်းတဲ့ဒေသတွေမှာ ဆက်သွယ်ရေး ကောင်းမွန်စွာရဖို့ပေါ့။ အဲဒီအတွက် တင်တာဖြစ်ပါတယ်။
MyanmarSat 2 – Intelsat-39 ကတော့ ဝေးလံတဲ့ အရောက်ပေါက်နဲတဲ့ ဒေသတွေမှာ ဆက်သွယ်ရေး ကောင်းဖို့တင်တာ ဖြစ်ပါတယ်။”
ဂြိုဟ်တုနဲ့ မြန်မာ့ဆက်သွယ်ရေး အပိုင်း(၂)
MyanmarSat 2 ပါဝင်တဲ့ Intelsat-39 ဂြိုဟ်တုကို ၂၀၁၉ သြဂုတ်လ ၇ ရက်မှာ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီဆက်သွယ်ရေးဂြိုဟ်တုရဲ့ အလုပ်လုပ်ပုံကို နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
ဒေါက်တာ ပဒေသာတင်။ ။“MyanmarSat 2 – Intelsat-39 ကတော့ ဝေးလံတဲ့ အရောက်ပေါက်နဲတဲ့ ဒေသတွေမှာ ဆက်သွယ်ရေး ကောင်းမွန်စွာ ရဖို့တင်တာ ဖြစ်ပါတယ်။ ဒီဆက်သွယ်ရေး ဂြိုဟ်တု တင်တဲ့အတွက် transponder လို့ခေါ်တဲ့ ဂြိုဟ်တုထဲမှာပါတဲ့ ပစ္စည်းတခု ပေါ့နော်။ အဲဒီဟာက ဘာလဲဆိုတော့ ကမ္ဘာမြေမျက်နှာပြင်ကို ပြန်ပြီးတော့ လွှင့်ရတယ်။ အဲဒီ ဆက်သွယ်ရေး ဂြိုလ်တုမှာ ဘာပါလဲဆိုတော့ ဂြိုဟ်တုကို လမ်းမှန်အောင်တင်ပေးဖို့လိုအပ်တဲ့ ဒုံးယာဉ် အသေးလေးလိုဟာမျိုးတွေ၊ လျှပ်စစ်ပစ္စည်း အသေးလေးတွေ အများကြီး ပါပါတယ်။ ထိန်းကျောင်းတဲ့စက် အဲဒါလည်း ပါပါတယ်။ နောက်ပြီး ဂြိုဟ်တု operate လုပ်ဖို့အတွက်ဆို သူ့မှာ ပါဝါ - စွမ်းအားလိုပါတယ်။ ဒါကြောင့် သူနဲ့တွဲရက် ဆိုလာအချပ်ကြီးတွေ အများကြီး ထည့်ပေးပြီးတော့ အပေါ်လည်း ရောက်ရော ဖြန့်ထုတ်လိုက်တယ်။”
ကမ္ဘာပတ်လမ်းကြောင်းထဲ လည်ပတ်နေတဲ့ ဂြိုဟ်တုအတွက် လိုအပ်တဲ့ ပစ္စည်းတွေထဲမှာ အရေးအကြီးဆုံးက အတွင်းစက်အစိတ်အပိုင်းဖြစ် တဲ့ transponder ဖြစ်ပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“အဲဒီ transponder က အဓိက-က အောက်ဘက် ကမ္ဘာမြေ မျက်နှာပြင်ကနေပြီးတော့ ဆက်သွယ်ရေး ဒေတာ တွေ၊ ရုပ်မြင်သံကြား ဒေတာတွေ၊ facebook သုံးတဲ့အခါကျရင် ပို့ လိုက်တဲ့ဟာ၊ တယ်လီဖုံးဆက်တဲ့ဟာတွေ အကုန်လုံးကို သူက အပေါ်ကို တင်လိုက်ရပါတယ်။ အဲဒါကို uplink လို့ခေါ်တယ်။ uplink – downlink လို့ ခေါ်တယ်။ အပေါ်ကို တင်ပေးလိုက်တဲ့ ကြိမ်နှုန်းရယ်၊ အောက်ကို ပြန်လွှတ်လိုက်တဲ့ ကြိမ်နှုန်းရယ် ကွာပါတယ်။ တင်လိုက်တဲ့ ဒီ ဒေတာတွေကို အပေါ်မှာ စစ်လိုက်ရပါတယ်။ Frequencies တွေကို filter လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒါ …. လို့ ခေါ်ပါတယ်။ အဲဒီပစ္စည်းပါတယ်။ amplifier - အသံချဲ့စက်လိုဟာမျိုး။ သူကတော့ အသံချဲ့တာပေါ့။ စွမ်းအင်ကို အများကြီး မြှင့်တင်ပေးလိုက်တယ်။ မြှင့်တင်ပေးလိုက်ပြီးတဲ့အခါကျတော့မှ သူ့ရဲ့ကြိမ်နှုန်းကို နောက်တခုပြန်ပြီး ပြောင်းလိုက် တယ်။ ပြောင်းလိုက်တဲ့အတွက် ဒီ downlink ပြန်ဆင်းလာတဲ့ကြိမ်နှုန်းက အောက်ကနေ ပထမ တင်ပေးလိုက်တဲ့ကြိမ်နှုန်းနဲ့မတူဘဲနဲ့ အောက်ကို ပြန်ပြီးတော့ ရောက်လာတယ်။ အဲဒီတော့ တနေရာတည်းကနေပြီးတော့ station တခုကနေတင်လိုက်တဲ့ဟာက ဂြိုဟ်တုပေါ် ရောက်သွားတဲ့အချိန်မှာ ဂြိုဟ်တုကနေ အောက်ကိုပြန်ပြီး ဖြန့်လိုက်တဲ့အခါကျလို့ရှိရင် တနိုင်ငံလုံး၊ ဒေသကြီးတခုလုံးကို ပြန်ဖြန့်ပေးရတဲ့ အတွက် သူ့မှာ စွမ်းအင်မြှင့်တဲ့ amplifier စက်ဆိုတာ ရှိကိုရှိရတယ်။ ကြိမ်နှုန်းပြောင်းပေးတာ၊ ကြိမ်နှုန်းကို သတ်မှတ်တာ၊ ဘယ်ဗွီဒီယို အချက်အလက်ကို ဘယ်လိုလွှင့်တဲ့ဟာပေါ်မူတည်ပြီး C-band တို့ ku-band တို့ ပေါ့နော်။ အခု ဒီ satellite မှာ ၂ ခု သုံးတယ်။”
ဆက်သွယ်ရေးဂြိုဟ်တုတွေ မှာ သုံးလေ့ရှိတဲ့ band လိုင်းက ၃ မျိုးရှိပါတယ်။ Ka-band ၊ Ku-band နဲ့ C-band တို့ဖြစ်ပါတယ်။ Ka-band ဟာ ကြိမ်နှုန်းအမြင့်ဆုံးဖြစ်ပြီး downlink အတွက် ၂၀ GHz နဲ့ uplink အတွက် ၃၀ GHz လောက်ရှိပါတယ်။ Ku-band ကတော့ downlink အတွက် GHz ၁၁ နဲ့ ၁၂ ဝန်းကျင်ရှိပြီး uplink အတွက်ဆို ၁၄ GHz လောက်နဲ့လွှင့်ပါတယ်။ သူက antennas အသေးလေးတွေနဲ့ပါ သုံးနိုင်တာပါ။ C-band ကတော့ ကြိမ်နှုန်း အနိမ့်ဆုံး ဖြစ်ပါတယ်။ downlink အတွက် ကြိမ်နှုန်းက ၃ - ၄ GHz လောက်နဲ့ uplink အတွက် ၆ GHz လောက်ပဲရှိပါတယ်။ သူက ဧရိယာအကျယ်ကြီးအတွက် သုံးနိုင်သလို မိုးသည်းထန်စွာရွာတာလိုမျိုး ရာသီဥတုဆိုးရင်လည်း သုံးနိုင်ပါတယ်။
ဒေါက်တာ ပဒေသာတင်။ ။“C band က ဆိုလို့ရှိရင် သူက ရိုးရိုး အသံဖိုင်ပို့တာ၊ အသံဒေတာပို့တာ၊ ရိုးရိုးဒေတာ အချက်အလက်တွေ ပို့တာ၊ အဲဒါတွေကို အသုံးများပါတယ်။ ဆယ်လူလာဖုံး ခေါ်တာတို့၊ ဘာတို့၊ ညာတို့ ဆိုလို့ရှိရင် C-band နဲ့သုံးတယ်။ ဒါပေမယ့် ဗွီဒီယို ဖိုင် ပို့ရင် skype နဲ့ ဗွီဒီယိုလုပ်တယ် ဘာညာ ဆိုလို့ရှိရင် များသောအားဖြင့် သူတို့ ku-band နဲ့ သုံးလေ့ရှိပါတယ်။ အဲဒီတော့ ဗမာပြည်အတွက် C-band ဆိုလို့ရှိရင် (50 db watt) ပေါ့နော်။ db ဆိုတာ decible ပေါ့နော်။ db watt ဒါမှမဟုတ်လို့ရှိရင် ဝပ်အား ၁ သိန်းလောက်အထိကို ပမာဏများတဲ့ ဝပ်နဲ့ သူတို့ လွှင့်ပေးလို့ရတယ်။ Ku-band ကျတဲ့အခါကျတော့ သူ့ထက် အဆမတန် များပါတယ်။ ဝပ်အားက ၈ သိန်းလောက်အထိ ရှိတဲ့ transponder တွေ သုံးတာဖြစ်ပါတယ်။ အဲဒီတော့ ဝပ်အား မြင့်လေ၊ ဆက်သွယ်နိုင်တဲ့နှုန်း၊ ရနိုင်တဲ့နေရာ၊ အဲဒါတွေက ပိုပြီးတော့ အများကြီး လွှင့်နိုင်လေပါပဲ။
Uplink နဲ့ downlink အလုပ်လုပ်ပုံကို ကြည့်ရအောင်ပါ။
ဒေါက်တာ ပဒေသာတင်။ ။ uplink ဆိုတာ ဘာလဲဆိုတာကြည့်လို့ရှိရင် ကျနော်တို့ ဒီ satellite station ရှိတယ်ပေါ့နော်၊ အောက်က station ကနေ ဂြိုဟ်တုဆီကို ဗွီဒီယိုတို့၊ အသံဖိုင်တို့၊ တယ်လီဖုံးပြောတာပဲဖြစ်ဖြစ်ပေါ့နော်- အဲဒါကို ဂြိုဟ်တုဆီကို တင်ပေးလိုက်တာကို uplink လို့ ခေါ်ပါတယ်။ အဲဒီ uplink က တင်ပေးလိုက်တဲ့ frequency ပေါ့နော်၊ ကြိမ်နှုန်းက C-band ဆိုလို့ရှိရင် 4 GHz ၊ Ku-band ဆိုလို့ရှိရင် ၁၅/၂၀ GHz လောက်နဲ့ တင်ပေးလိုက်တယ်။ အပေါ်ရောက်တဲ့အခါကျတော့ အဲဒီဟာကို လှိုင်းသတာတို့ ၊ ကြိမ်နှုန်းပြောင်းတာတို့ ၊ နောက်ပြီးတော့ ပါဝါ အများကြီး တင်ပေးလိုက်တာပေါ့နော်။ အဲဒီဟာတွေကို ဂြိုဟ်တုမှာရှိတဲ့ Transponder ဆိုတဲ့စက်ကနေ အကုန်လုံး အလုပ်လုပ်၊ လုပ်ပြီးတော့ ချက်ခြင်းပြန်ပို့လိုက်တဲ့အခါကျရင် အောက်ကိုပြန်ဆင်းလာတဲ့ ပြန်ပို့လိုက်တဲ့ဟာကို downlink လို့ခေါ်တယ်နော်။ အဲဒီ downlink ကျလို့ရှိရင် frequency တမျိုးနဲ့ ပြန်လွှင့်ပေးပါတယ်။ အဲဒီတော့ frequency ၂ ခု ကြိမ်နှုန်းမတူတာ တခြားကြောင့်မဟုတ်ဘူး။ လွှင့်တဲ့အခါနဲ့ ဖမ်းတဲ့အခါနဲ့က frequency ကွဲသွားမှ ဖမ်းရတဲ့ဟာက တိတိကျကျ ရနိုင်တယ်။ မရောထွေးဘူးပေါ့နော်။ အဲဒီဟာလည်း ပါပါတယ်။
အခု လွှတ်တင်လိုက်တဲ့ intelset- 39 နဲ့ဆို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးစံနစ် ဘယ်အတိုင်းတာထိ တိုးတက်လာနိုင်ပါသလဲ။
ဒေါက်တာ ပဒေသာတင်။ ။“ဒါက ဆက်သွယ်ရေးဂြိုဟ်တုလေ။ communication satellite ၊ ဆက်သွယ်ရေးဂြိုဟ်တုဖြစ်တဲ့အတွက် လွယ်လွယ်ပြောရလို့ရှိရင် တယ်လီဖုံးလိုင်း ပြတ်ပြတ်သွားတယ်၊ ကြားရသလား၊ မကြားရဘူးလား၊ ကြားရတယ်ဆိုပြီး တယောက်နဲ့တယောက် ပြန်ပြန်အော်နေကြတယ်လေ၊ အဲဒါ လိုင်းမမိလို့၊ လိုင်းမမိဘူးဆိုတာက ထုတ်ပေးနိုင်တဲ့နှုန်းပေါ့နော်။ 50 db watt တို့ ဘာတို့၊ အဲလောက် ကြိမ်နှုန်းမရှိရင် အဲဒါအတွက်၊ နောက်တခုက ဘာလဲဆိုရင် သူများနိုင်ငံကနေ လှမ်းယူရတဲ့ဂြိုဟ်တုဖြစ်တဲ့အတွက် ကျနော်တို့ဆီကိုရောက်တဲ့ strength က အင်အားက သိပ်မရှိဘူး။ အခုဆိုလို့ရှိရင် အဲဒီ ဂြိုဟ်တုကနေ ဗမာပြည်ကို လွှင့်ထားတဲ့ transponder က ဗမာပြည်အပေါ်ကို တိုက်ရိုက်ကို ဗမာပြည်အပေါ်ကိုရောက်နေတဲ့အတွက် သူက စွမ်းအင် အများကြီးမြင့်တယ်။ ကြိမ်နှုန်းအမြင့်ကြီးနဲ့ band တွေလည်း အများကြီး ထည့်လို့ရတဲ့ အခါကျတော့ သတင်းအချက်အလက်၊ ဒေတာ၊ တီဗီအစီအစဉ်တွေကို ပြိုင်တူလွှင့်နိုင်တယ်။ ဒါ့အပြင် ကျန်းမာရေး အတွက်သုံးမယ်ဆိုလို့ရှိရင် ခွဲစိတ်ကုသနေတဲ့ဟာကို တခါတည်း live ပေါ့နော်၊ ဒီမှာ ခွဲစိတ်ကုသနေတဲ့အချိန်မှာပဲ တခြားဒေသတခုမှာလည်း ဒီ ခွဲစိတ်ကုသမှုတခုကို ပြိုင်တူ သင်လို့ရတယ်။ အတူတူလုပ်လို့ရတယ်။ စာသင်တဲ့နေရာမှာ အဓိက ကတော့ ဗဟုသုတ ဖြန့်တဲ့နေရာမှာ အကောင်းဆုံးပေါ့နော်၊ ဒီလို သိပ်စွမ်းအင်မြင့်တဲ့ Satellite သုံးမှသာလျှင် ဒီလို ဂြိုဟ်တုများကို သုံးမှသာလျှင် ပိုပြီးတော့ ထိထိရောက်ရောက် ရှိမယ်။ ဝေးလံခေါင်သီတဲ့ ဒေသတွေကို သတင်းအချက်အလက်တွေ၊ information တွေ ၊ ဗွီဒီယိုတွေ အကုန်လုံးရောက်နိုင်တယ်-ဆိုတဲ့အခါကျတော့ အများကြီး အသုံးဝင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ electronic ဘဏ်စံနစ်သာမက သတင်းနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို နိုင်ငံတဝှမ်း လက်လှမ်းမှီအောင် လုပ်ပေးနိုင်တော့မယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Myanmar Sa2နှင့်ပတ်သက်သော နည်းပညာဗဟုသုတများလေ့လာချင်ပါက Myanmar Sat2 Technology,ဖေ့ဘွတ်Pageကို Like & Follower လုပ်ထားနိူင်ပါတယ်
https://www.facebook.com/MyanmarSat2/
VOA
Daw Khin Myo Thet