22/08/2026
မိုးတွင်းကာလမှာ မတော်တဆ မိုးရေစိုသွားလို့ဖြစ်စေ၊ ရေထဲပြုတ်ကျလို့ဖြစ်စေ စမတ်ဖုန်းများ ရေဝင်သွားတဲ့အခါ အချိန်မီ မှန်မှန်ကန်ကန် ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ ပျက်စီးမှုမကြီးထွားစေဖို့ ချက်ချင်းလုပ်ဆောင်ရမယ့် နည်းလမ်းများနှင့် မလုပ်သင့်သည့် အမှားများကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
အကယ်၍ ရေဝင်သွားပြီဆိုရင် အရင်ဆုံး ဆက်မသုံးဘဲ ချက်ချင်း Power ပိတ်ပါ။ ရေဝင်နေချိန် လျှပ်စစ်စီးဆင်းမှုကြောင့် Short Circuit (ဝါယာရှော့) ဖြစ်ခြင်းကို တားဆီးပေးပါတယ်။ ပြီးရင် ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်းကာဗာ (Casing)၊ SIM Card Tray၊ Memory Card၊ အားသွင်းကြိုးနှင့် နားကြပ်ကြိုးများကို ချက်ချင်းဖြုတ်ပါ။ မိုက်ခရိုဖိုင်ဘာ (Microfiber) သို့မဟုတ် ရေစုပ်ယူမှုကောင်းသည့် အဝတ်သန့်သန့်ဖြင့် ပစ္စည်းအပြင်ဘက်က ရေစက်များကို ညင်သာစွာ သုတ်ပေးပါ။ Charging Port၊ စပီကာပေါက်နှင့် နားကြပ်ပေါက်များကို အောက်ဘက်လှည့်ပြီး အတွင်းမှရေများ အပြင်သို့ အလွယ်တကူ စီးကျထွက်နိုင်စေရန် ထောင်ထားပါ။
အကယ်၍ အထပ်ပါအတိုင်း ပြုလုပ်ပြီးပြီးချင်း စက်ကို ချက်ချင်းပြန်ဖွင့်ခြင်း သို့မဟုတ် စမ်းသပ်ခြင်း: "ကောင်းသေးလား" ဆိုပြီး ခလုတ်နှိပ်ဖွင့်ခြင်း၊ သီချင်းဖွင့်စမ်းခြင်း လုံးဝမလုပ်ရပါ။ Charging Port ထဲ ရေကျန်နေချိန် အားသွင်းပါက မီးပွားထွက်ခြင်းနှင့် ပင်မပတ်လမ်းများ ပျက်စီးခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် Hair Dryer (ဆံပင်လေမှုတ်စက်) ဖြင့် အပူပေးမှုတ်ခြင်းလုံးဝမလုပ်ပါနှင့်။
လေပူဒဏ်ကြောင့် အတွင်းပိုင်း အစိတ်အပိုင်းများနှင့် စခရင်ကော်များ အရည်ပျော်နိုင်သည့်အပြင်၊ လေဖိအားကြောင့် ရေစက်များ အတွင်းပိုင်းပိုမိုနက်ရှိုင်းစွာ ဝင်သွားနိုင်ပါတယ်။ စက်အသွင်းထဲသို့ဝင်သွားသောရေများ အမြန်ကုန်စင်စေရန် ပြင်းပြင်းထန်ထန် ခါထုတ်ခြင်းမလုပ်ပါနှင့်။ အထဲမှရေများသည် နေရာအနှံ့သို့ ပိုမိုပျံ့နှံ့သွားစေနိုင်သောကြောင့်ဖြစ်ပါတယ်။
ဒါအပြင် ဖုန်းရေဝင်ပါက ဆန်အိုးထဲ ထည့်စိမ်လေ့ရှိကြသော်လည်း ဆန်စေ့များတွင်ပါသော ကစီဓာတ်ဖုန်မှုန့် (Starch Dust) များသည် Charging Port နှင့် Speaker အပေါက်များထဲသို့ ဝင်ရောက်ပိတ်ဆို့ကာ ရေနှင့်ပေါင်းပြီး အကျိအချွဲဖြစ်သွားတတ်ပါသည်။ ထိုသို့လုပ်မည့်အစားလေလုံဗူး (သို့မဟုတ် Ziplock အိတ်) တစ်ခုထဲသို့ ပစ္စည်းကိုထည့်ပြီး Silica Gel Packets (အစိုဓာတ်စုပ်ဂျယ်ထုပ်) အများအပြားနှင့်အတူ ၂၄ နာရီမှ ၄၈ နာရီအထိ ထည့်ပိတ်ထားခြင်းက ပို၍ စက်ထဲမှရေကိုအမြန်ကုန်စေပြီး ထိရောက်မှုပိုရှိပါတယ်။ Silica Gel သည် ဖုန်မှုန့်မထွက်ဘဲ ပတ်ဝန်းကျင်မှ အစိုဓာတ်ကို ဆန်ထက် ဆယ်ဆခန့် ပိုမိုလျင်မြန်စွာ စုပ်ယူပေးနိုင်သောကြောင့်ဖြစ်ပါတယ်။
ရေစိုပြီးနောက် အနည်းဆုံး ၂၄ နာရီမှ ၄၈ နာရီအတွင်း အစိုဓာတ်လုံးဝခြောက်သွေ့သွားပြီဟု သေချာမှသာ Power ပြန်ဖွင့်ပါ။ အကယ်၍ အတွင်းပိုင်းသို့ ရေပမာဏများစွာ ဝင်ရောက်သွားပါက ကျွမ်းကျင် Service Center သို့ အမြန်ဆုံးပြသပြီး ဖြုတ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။
#အင်တာနက် #ဖုန်းနည်းပညာ #ရေစို