25/10/2020
"Printer ဝယ်တော့မယ်ဆိုရင်"
Printer တစ်လုံး ဝယ်ဖို့ စဉ်းစားတယ် ဆိုရင်
အသုံးတည့်နိုင်မယ့် အချက်အလက် လေးတွေကို
စုစည်း ပေးလိုက် ရပါတယ်။
***
"အရေးကြီးတဲ့ငွေ"
ပရင်တာ ဝယ်မယ်ဆိုရင် သတ်မှတ်ရမဲ့ အချက်က
ငွေ ဘယ်လောက် သုံးမှာလည်း ဆိုတဲ့ အချက်ပါ။
ပရင်တာက တခြား ပစ္စည်း တွေလို မဟုတ်ပဲ
တန်ဖိုးပေါ် မူတည်ပြီး လုပ်ပေး နိုင်စွမ်း တွေ
တိုးတိုးလာတဲ့ ပစ္စည်း မျိုးပါ။
သုံးမဲ့ ငွေ ကို စဉ်းစား ပြီးပြီ ဆိုရင် ဘာအတွက်
သုံးမှာလည်း ဆိုတာ စဉ်းစားဖို့လိုပါတယ်။
အိမ်သုံး အတွက်လား၊
ဓာတ်ပုံတွေ အဓိက ထုတ်ဖို့လား၊
ဒီဇိုင်းတွေ ထုတ်ကြည့်ဖို့ လား၊
ရုံးသုံး စာရွက် စာတမ်း ထုတ်ဖို့လား၊
လုပ်ငန်းသုံး ဒီဇိုင်းတွေ ထုတ်ဖို့ လား ဆိုတဲ့
အချက် တွေကို ဆုံးဖြတ်ဖို့လိုပါတယ်။
***
"Inkjet လား laser လား"
ယေဘုယျ အားဖြင့် ပရင်တာမှာ
inkjet နဲ့ laser ဆိုပြီး ၂ မျိုးရှိပြီး
အသေးစိပ် အားဖြင့်
inkjet printer,
all in one inkjet printer,
monochrome laser printer,
color laser printer ဆိုပြီး ထပ်ခွဲ ထားပါ
သေးတယ်။
စျေးနှုန်း အားဖြင့် တော့ inkjet က သက်သာပြီး
laser က စျေးနှုန်း မြင့်မား ပါတယ်။
အရည်အသွေး မှာတော့ inkjet က သာမန်
အဆင့်သာ ရှိပြီး laser ကတော့ အကောင်းဆုံး
ဖက်မှာ ရှိနေ ပါတယ်။
***
"ရွေးခြယ်ဖို့က"
လုပ်ငန်းအလိုက် ခွဲခြားမယ် ဆိုရင်၊
သာမန် အိမ်သုံး အတွက် ဒါမှ မဟုတ် မိသားစု
ဓာတ်ပုံတွေ ထုတ်ဖို့ အတွက် ဆိုရင် inkjet printer
ကို ရွေးခြယ် နိုင်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ လုပ်ငန်းပိုင်း ဆိုင်ရာ
စာရွက် စာတမ်းတွေကို ကာလာ ပါဝင်ဖို့
အရေး မကြီးပဲ အရည် အသွေး ကောင်းကောင်း
ထုတ်ဖို့ လိုအပ်တယ် ဆိုရင်၊ monochrome
laser printer (ဖြူ၊မဲ laser printer) ကိုရွေးခြယ်
နိုင်ပါတယ်။
ဒီလိုမှ မဟုတ်ပဲ လုပ်ငန်းပိုင်းဆိုင်ရာ
ဒီဇိုင်းတွေကို မကြာခဏ ထုတ်ဖို့လိုအပ်တယ်။
စာရွက်စာတမ်း တွေကို အရည်အသွေးမြင့်မြင့်နဲ့
ကာလာ ပါ ပါဝင်ဖို့ လိုအပ်တယ် ဆိုရင်တော့
color laser printer ကို စဉ်းစား သင့်ပါတယ်။
***
"ဘယ်လိုကွာတာလဲ"
ဒီနေရာမှာ သာမန် inkjet printer နဲ့
laser printer တွေရဲ့ ကွာခြားချက်က
သာမန်အားဖြင့် laser printer တွေက
ပရင့်ထုတ်ချိန် အနည်းငယ်သာ လိုအပ်ပြီး
၁ မိနစ်ချင်းတူတူ မှာ စာရွက် များများ ရိုက်ထုတ်
နိုင်သလို၊ ကာလာ ပိုင်း နှိုင်းယှဉ် တဲ့အခါမှာ
သာမန် စျေးသက်သာတဲ့ inkjet printer တွေနဲ့
ထုတ်ထားတဲ့ ကာလာ၊ အဖြူအမဲ စာရွက်တွေက
ရေစိုတာ၊ ရေစက် ကျ တာကို မခံနိုင်ပဲ မင်တွေ
ပြန့်သွားလေ့ ရှိပါတယ်။
ဒါ့အပြင် အသေးစိပ် သေသေချာချာ ကြည့်မယ်
ဆိုရင် စာလုံးတွေက လေဆာနဲ့ ထုတ်ထားတဲ့
စာလုံးတွေနဲ့ နှိုင်းယှဉ်ရင် ကျစ်လစ်မှု မရှိပဲ
အနားတွေ ဖွာ နေတာကို တွေ့နိုင်ပါတယ်။
***
"ဘယ်လောက်ဆို ရပြီလဲ"
လက်ရှိ အချိန်မှာ printer တွေရဲ့ စျေးနှုန်းက
၄၅ ဒေါ်လာ ဝန်းကျင်ကနေ ဒေါ်လာ ၁၀၀၀ ဝန်းကျင်
အတွင်းမှာ အမျိုးမျိုး ရှိနေပါတယ်။
ဒေါ်လာ ၁၀၀ အောက်မှာတော့ laser printer တွေ
ကို မရနိုင်ပါဘူး။
စျေးကွက် ထဲမှာ ရောင်းချနေတဲ့ ပရင်တာတွေထဲမှာ
ဒေါ်လာ ၅၀ ဝန်းကျင်ရှိတဲ့ inkjet ပရင်တာတွေက
သာမန် အိမ်သုံး အတွက် အဆင်ပြေ ပါတယ်။
***
"အရေးကြီးတာက မင်"
ဒါပေမဲ့ ပရင်တာ ဝယ်တဲ့ အခါ စဉ်းစားရမဲ့
အချက်က ပရင်တာထဲ ထည့်ဖို့ မင်ပါ။
သာမန် အားဖြင့် စျေးသက်သာတဲ့ ပရင်တာတွေဟာ
မင်မှာ စျေးကြီးနေတာ ကိုတွေ့ရတတ်ပါတယ်။
မင်ဘူး ဆိုတဲ့ နေရာမှာ လည်း စျေးသက်သာ တဲ့
inkjet printer တွေရဲ့ မင်ဘူးမှာ အရောင် ၄ ရောင်
အတွက် ၄ ဗူး ပါတဲ့ ပရင်တာ အမျိုးအစား နဲ့
အရောင် ၄ ရောင် အတွက် မင် ၂ ဗူးပါတဲ့
အမျိုးအစား ဆိုပြီး ၂ မျိုးရှိပါတယ်။
***
"၄ ဗူး လား ၂ ဗူးလား"
ပရင်တာက အမဲရောင် သီးသန့် ထုတ်တဲ့
အချိန်က လွဲလို့ တခြား အရောင်စပ်တွေ ပါတဲ့
စာတွေ၊ ပုံတွေ ထုတ်လုပ် တဲ့ အချိန်မှာ
Cyan, Magenta, Yellow, Black – CMYK ဆိုတဲ့
အရောင် လေးရောင်ကို စပ်ပြီး ထုတ်လုပ်
ရပါတယ်။
ပရင်တာတွေရဲ့ မင်ဗူးတွေမှာ လည်း
Cyan အတွက် မင်တစ်ဗူး၊ Magenta အတွက်
မင်တစ်ဗူး၊ Yellow နဲ့ Black အတွက် မင်တစ်ဗူး စီ
ပါဝင်တဲ့ မင်လေးဗူး သုံး ပရင်တာများကိုပဲ
ရွေခြယ်ဖို့ အကြံပေးချင်ပါတယ်။
ဒါမှ ကုန်တဲ့ မင် တစ်ဗူးချင်းစီ ကို ဖြုတ်လဲ နိုင်လို့
စျေးနှုန်းအားဖြင့် သက်သာ ပါတယ်။
ဒီလိုမှ မဟုတ်ပဲ Cyan, Magenta, Yellow ၃ ရောင်
အတွက် မင်တစ်ဗူး၊ Black အတွက် မင်တစ်ဗူး
စုစုပေါင်း မင် ၂ ဗူးသာ သုံးတဲ့ ပရင်တာကို
ဝယ်မိတယ် ဆိုရင် ပရင်တာ ဝယ်ယူရတဲ့ စဦး
စျေးနှုန်း သက်သာပေမဲ့ နောက်ပိုင်းမှာ လိုက်ရတဲ့
မင်ဗူးဖိုးက တံပိုး ထက် လက်ခ စျေးကြီး တဲ့
အဖြစ်မျိုး ကြုံရပါလိမ့်မယ်။
လက်တွေ့မှာ
ဆိုပါတော့၊ အရောင် အဝါ အများဆုံး ပါတဲ့ စာရွက်
အရွက် ၃၀ လောက် ထုတ်ဖို့ ရှိတယ် ဆိုပါစို့။
ကြာလာတဲ့ အခါ အများဆုံး အသုံးပြု ရတဲ့
အဝါ ရောင်က ကုန်လာမယ်။ ဒီလို အချိန်မှာ
ကိုယ့် ပရင်တာ က သာ အရောင် တစ်ခုချင်းစီ
အတွက် မင်တစ်ဗူးစီ သုံးထားတဲ့ ပရင်တာ မျိုး
ဖြစ်ရင် ကုန်သွားတဲ့ အဝါ တစ်ဗူးကိုသာ
ဖြုတ်ပစ် အသစ် လဲလှယ် လိုက်ယုံပါ။
ဒီလိုမှ မဟုတ်ပဲ Cyan, Magenta, Yellow
အတွက် မင်တစ်ဗူး တည်း သုံးထားတဲ့
စျေးသက်သာတဲ့ ပရင်တာ သာ ဖြစ်နေမယ်
ဆိုရင် အဝါ ရောင် ကုန်သွားတဲ့ အတွက်
အဝါရောင် တစ်မျိုးကိုသီးသန့် လဲလှယ်လို့
မရ တာကြောင့် မကုန်သေးတဲ့ Cyan, Magenta
အရောင် တွေကို မသုံးလိုက်ရပဲ တစ်ပါတည်း
လဲပစ် လိုက်ရမှာပါ။
***
"မင်ကုန်သွားရင်"
ဒါကြောင့် inkjet ပရင်တာကို ဝယ်မယ်ဆိုရင်
ပိုက်ဆံ နည်းနည်း ပိုပေးရတဲ့ မင်းလေးဗူး သုံး
inkjet ပရင်တာတွေ ကိုသာ စဉ်းစား စေချင်
ပါတယ်။
နောက်တစ်ခုက ကျွန်တော် သိသလောက်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကျွန်တော် အပါအဝင်
တော်ယုံ တန်ယုံ ဘယ်သူမှ original တံဆိပ်နဲ့
မင်ဗူး တွေကို ဝယ်သုံး လေ့ မရှိပါဘူး။
စျေးနှုန်းက ကွာလွန်းတာ ကြောင့် တခြားတံဆိပ် နဲ့
ထုတ်လုပ် ထားတဲ့ တရုတ် မင်တွေ ကိုပဲ သုံးလေ့
ရှိပါတယ်။
သတိထားရမှာက original မင်မဟုတ်ပဲ
တခြား မင်ကိုပြောင်းသုံး လိုက်တာနဲ့ warranty က
အလိုလို ပျက်သွားလေ့ ရှိတယ် ဆိုတာပါ။
သာမန်အားဖြင့် တော်တော်ကို သဘော မနော
ကောင်းမှသာ warranty က ပြန်ရလေ့ရှိပါတယ်။
***
"လက်တွေ့ ကမ္ဘာ လူလည် လုပ်ဖို့"
ဒါကြောင့် ပရင်တာ ဝယ်ဝယ်ချင်းမှာ မင်ဗူးကို
လဲမသုံးပဲ ပါလာ တဲ့ original မင်းဗူးကို ပဲ
ခဏ ပဲဖြစ်ဖြစ် သုံးစေ ချင်ပါ တယ်။
ဒါမှ ကိုယ်သုံး နေတဲ့ ၁ ပတ်၊ ၂ ပတ်၊ ၁ လ ၂ လ
အချိန် အတွင်း ပြသနာ တစ်ခုခု ဖြစ်ခဲ့ရင်
ပရင်တာ အသစ်တစ်လုံး ကို အလွယ်တကူ
လဲလှယ် နိုင်မှာပါ။
ဒါ့အပြင် မင်ကုန် သွားလို့ အသစ်လဲဖို့ လိုလာ
ရင်လည်း မင် တစ်ဗူးချင်း
(cartridge တစ်ခုချင်း စီ အလိုက်) မင်ဗူးတွေ
ထုတ်လုပ် ထားတာတွေရှိပါတယ်။
စျေးနှုန်းလည်း original ရဲ့ လေးပုံ တစ်ပုံလောက်ပဲ
ရှိပြီး အရည် အသွေးမှာလည်း အတော်ကို
ကောင်းမွန်ပါတယ်။
အဲလိုမဟုတ်ပဲ မင်ဗူး (cartridge) ထဲ အပ်နဲ့
ထိုးထည့်ရတဲ့ အမျိုးအစား တွေ ရှိနေပေမဲ့
အဲဒါတွေကို မသုံးစေချင်ပါဘူး။ ကြာလာတဲ့ အခါ
မင်တွေ ယိုစိမ့်ပြီး ပရင်တာ လုံးဝ သုံးလို့ မရတာမျိုး
ကြုံ ရနိုင်ပါတယ်။
***
"တခြား အမျိုးအစားတွေကရော"
Inkjet printer ပိုင်းတွေမှာ စျေးကြီးရင် ကြီးသလို၊
ကင်မရာနဲ့ ချိတ်ဆက်ပြီး direct ပရင့်ထုတ်နိုင်တာ၊
ပရင်တာ မှာ ပဲ touch screen ပါဝင်ပြီး ဓာတ်ပုံတွေ
ပြုပြင်နိုင်တာ၊ အင်တာနက်နဲ့ ချိတ်ဆက်ပြီး
ကွန်ပျူတာမလိုပဲ ပရင်တာရဲ့ screen ကနေ တဆင့်
ဝဘ်ဆိုဒ် တွေကို ကြည့်၊ လိုအပ်ရင် ပရင့်ထုတ် နိုင်တဲ့
အမျိုးအစား၊ ပရင်တာမှာပဲ wireless လုပ်ဆောင်ချက်
ပါဝင် တာကြောင့် အိမ်မှာ ၊ ရုံးမှာ ကွန်ပျူ တစ်လုံး
အမြဲ ဖွင့်ထားစရာ မလိုပဲ wireless နဲ့ လှမ်းပြီး
ပရင့်ထုတ်နိုင်တဲ့ ပရင်တာ စသဖြင့် အမျိုးမျိုး ထဲမှ
စိတ်တိုင်းကျ ဝယ်ယူနိုင်ပါတယ်။
***
"Laser ဆိုရင်"
ဒီလိုမှ မဟုတ်ပဲ ရုံးသုံး အတွက် အရည်အသွေး
ကောင်းကောင်း ရှိတဲ့ စာရွက်တွေ ထုတ်ချင်တယ်။
စာရွက်တွေက လည်း အချိန်နဲ့ အမျှ အများအပြား
ထုတ်နေရမှာမို့ မင်ဖိုးကုန်ကျစရိတ် သက်သက်
သာသာ နဲ့ မြန်မြန် ဆန်ဆန် ရှိတဲ့ အမျိုး အစားမျိုး
လိုအပ်တယ် ဆိုရင် laser printer ကို ရွေးခြယ်
ရမှာပါ။
စျေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ကနေ
စပြီး ရှိပေမဲ့ စျေးနှုန်း ၃၀၀ ဝန်းကျင် လောက်ရှိတဲ့
အမျိုးအစား ကို ရွေးခြယ် စေချင် ပါတယ်။
သူသည် လည်း inkjet ပရင်တာ တွေလိုပဲ
နောက်ပိုင်းမှာ ကုန်ကျလာမဲ့ မင်ဖိုးကို
စဉ်းစားရမှာပါ။
***
"သူကျတော့ အမှုန့်"
သူကတော့ မင်ရည် မဟုတ်ပဲ အမှုန့်တွေနဲ့
ဖွဲ့စည်းထားတဲ့ toner ကို သုံးပါတယ်။
toner မှာလည်း original, re-manufactured နဲ့
re-fill ဆိုပြီး ရှိပါတယ်။ toner တွေက inkjet ရဲ့
မင်ဗူးစျေးနဲ့ နှိုင်းယှဉ်ရင် စျေးကြီးပေမဲ့
အရေ အတွက် ချင်း နှိုင်းယဉ် ရင် အဆပေါင်း
များစွာ ပိုပြီး ပရင့်ထုတ်ပေးနိုင်ပါတယ်။
တကယ်လို့ ကိုယ်က original toner ကိုပဲ
ပြန်ဝယ် သုံးမယ် ဆိုရင် ပရင်တာ မဝယ်ခင်မှာ
original toner ရဲ့ စျေးနှုန်းကို စုံးစမ်း စေချင်
ပါတယ်။
သာမန် အားဖြင့် စျေးသက်သာတဲ့ laser printer
တွေက toner မှာ စျေးကြီး နေတတ် ပါတယ်။
***
"ဘာကိုပြန်သုံးမှာလဲ"
တကယ်လို့ original မသုံးဘူးဆိုရင် ကျွန်တော်တို့
မြန်မာနိုင်ငံမှာ toner အခွံအဟောင်းတွေကို သန့်စင်၊
လိုအပ်တာတွေ ပြန်ပြုပြင်၊ မင်မှုန့်တွေကို
စနစ်တကျ ထည့်ထားတဲ့ re-manufactured ဆိုတဲ့
ကိုယ်ပိုင် တံဆိပ်တပ် toner တွေရှိပါတယ်။
မိတ္တူ ဆိုင်တွေမှာ မြင်ရတတ်တဲ့ မင်အမှုန့်ဗူးကို
toner ထဲ ကိုယ်တိုင် ခါ ထည့်ပြီး ပြန်သုံး တဲ့
refill ပုံစံကိုတော့ မသုံးသင့်ပါဘူး။
ကျွမ်းကျင်သူတွေ toner ကို စနစ်တကျ သန့်စင်ပြီး
မင်မှုန့် စနစ်တကျ ထည့်ထား တဲ့ re-manufactured
ကိုသာ သုံးသင့် ပါတယ်။
မဟုတ်ရင် သူလည်းပဲ နောက်ပိုင်းမှာ မကြာခဏ
ပြင်ဆင် ရပြီး ပြင်ဆင်စရိတ်က ပရင်တာ တစ်လုံး
နီးပါးဖြစ်လာမှာ အသေအချာပါ။
***
"အရောင်တွေ ထုတ်ချင်ရင်"
လေဆာ ပရင်တာတွေက စျေးနှုန်း ဒေါ်လာ ၃၀၀
ဝန်းကျင်မှာ ကာလာ ပါဝင်မှာ မဟုတ်သေးဘဲ
စျေးနှုန်း ၆၀၀ ဝန်းကျင် ရောက်လာမှ သာလျှင်
ကာလာ လေဆာ ပရင်တာတွေကို ရနိုင်မှာပါ။
ကာလာ လေဆာ ပရင်တာ နဲ့ ထုတ်လုပ်ထားတဲ့
အရည်အသွေးက ပုံနှိပ်တိုက် မှာ ထုတ်တဲ့
အရည်အသွေးထက် မနိမ့်ဘူး လို့ပြောလို
ပါတယ်။
ဒါ့အပြင် inkjet ပရင်တာမှာလို မဟုတ်ပဲ
ထုတ်ထားတဲ့ မင်က ရေစိုခံပါတယ်။ စျေးနှုန်းမြင့်
တဲ့အတွက်ကြောင့် ဒီဇိုင်း ကို ကိုယ်တိုင်
ထုတ်ကြည့်နေရတဲ့ သူတွေ၊ ဆောက်လုပ်ရေးအတွက်
လိုအပ်သူတွေနဲ့ အရည်အသွေး ကောင်းတဲ့
ကာလာ ပရင့် တွေကို အဓိက လိုအပ်နေသူတွေ သာ
ရွေးခြယ်သင့်ပါတယ်။
***
"ဒါဆိုရင် ဝယ်တော့မယ်"
ဒါကြောင့် ပရင်တာ ဝယ်တော့မယ်ဆိုရင်
ကိုယ် နှစ်သက်တဲ့ ပရင်တာ အမျိုးအစားကို ရှာ၊
မဝယ်သေးပဲ original နဲ့ တခြား တံဆိပ် မင်ဗူး
တွေရဲ့ စျေးနှုန်းကို စုံးစမ်းစေချင်ပါတယ်။
ပြီးရင် ပရင်တာ ရောင်းတဲ့ သူကနေ တဆင့်၊
ဒါမှ မဟုတ် ပရင်တာ ရဲ့ ဝဘ်ဆိုဒ်ကနေ တဆင့်
ပျှမ်းမျှ စာရွက် ဘယ်လောက် ထုတ်လို့ ရသလဲ
ဆိုတာ လေ့လာ သင့်ပါတယ်။
ဒါမှ မင်ဖိုး နဲ့ စာရွက် အရေအတွက် တွက်ချက်ပြီး
တစ်မျက်နှာ မှာ ကျသင့်မဲ့ နှုန်းပေါ်မူတည်ပြီး
စဉ်းစား နိုင်မှာပါ။
ဒါ့အပြင် ပရင်တာ ဝယ်ရင် မင်ဗူး ပါ၊ မပါ။
ပါရင်လည်း low capacity လို့ ခေါ်တဲ့ စမ်းသပ်ဖို့ သာ
ရည်ရွယ်ထားတဲ့ ပမာဏနည်း မင်ဗူးတွေပဲ ပါမှာလား
ဆိုတာ စုံစမ်းသင့်ပါတယ်။
တချို့ စျေးနိမ့် inkjet printer တွေက
low capacity cartridge တွေသာ ထည့်ပေးလေ့
ရှိပါတယ်။ ဒါကြောင့် ၁၀ ရွက်လောက် ထုတ်ပြီး ရင်
မင်ဗူး အသစ် ပြန်ဝယ်ရတာမျိုး ကြုံရ လေ့
ရှိတာကြောင့် တခါတလေ စျေးနည်းနည်း ပိုပေးပြီး
high capacity cartridge ပါတဲ့ ပရင်တာ
အမျိုးအစား ကိုတစ်ခါတည်းဝယ်တာက
ပြန်တွက်ကြည့်ရင် ပို ကောင်းတာ
ရှိတတ်ပါတယ်။
ကျွန်တော်ရဲ့ ပရင်တာ တွေ ခဏခဏ ဝယ်ခဲ့ရတဲ့
အတွေ့အကြုံ နဲ့ ဖတ်မိ သလောက် အကြောင်းအရာ
တွေကို စုစည်း ပေးလိုက် ပါတယ်။
အသုံးဝင်တဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်မယ်လို့
မျှော်လင့် မိပါတယ်။
Credit - tu lay
*****
“Pearl IT Store - ပုလဲ အိုင်တီ စတိုး” မှ
မျှဝေပေးသော post များကို
ဆက်လက်/ဖတ်ရှုလေ့လာလိုပါလျှင်
ဤ post ထိပ်ဆုံးမှ “ပုလဲ အိုင်တီ စတိုး” နေရာကို
နှိပ်ပြီး page ကို “Like” လုပ်ထားပေးပါ။
ကျေးဇူးတင်ပါတယ်။