Better Future Training Centre

Better Future Training Centre To Build A Better Future For You!

06/10/2025
06/10/2025
အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ အပရိဟာနိယ ၇ ပါး၁။ မကြာခဏဆုံတွေ့ခြင်း၂။ ညီညွတ်စည်းလုံးခြင်း၃။ ချမှတ်ထားသော လမ်းစဉ်များ လိုက်န...
05/10/2025

အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ အပရိဟာနိယ ၇ ပါး
၁။ မကြာခဏဆုံတွေ့ခြင်း
၂။ ညီညွတ်စည်းလုံးခြင်း
၃။ ချမှတ်ထားသော လမ်းစဉ်များ လိုက်နာခြင်း
၄။ အတွေ့အကြုံများသူရဲ့ စကားကို လေးစားလိုက်နာခြင်း
၅။ အဖွဲ့အစည်း၏ အကျိုးအတွက် စဉ်းစားခြင်း
၆။ လူတော်လူကောင်း၊ အရည်အချင်းရှိသူကို ကြိုဆိုခြင်း
၇။ ဉာဏ်ပညာတိုးတက်ကြောင်းကို မမေ့ခြင်း

တိုးတက်ဖို့ အကြောင်းအရင်း ၇ ချက်
၁။ ယုံကြည်ချက် ရှိရမယ် (Confident)
၂။ မမှန်တာလုပ်ဖို့ ရှက်ရမယ် (Ethical Practices)
၃။ ပတ်ဝန်းကျင်ကို လေးစားရမယ် (Respect)
၄။ အတွေ့အကြုံ ဗဟုသုတ မပြတ်ရှာနေရမယ် (Continous Learning)
၅။ မပြတ်ကြိုးစားနေရမယ် (Continuous Working)
၆။ အမြဲ သတိကပ်နေရမယ် (Awareness)
၇။ ရလာတာ မျှဝေခံစားရမယ် (Sharing)

05/10/2025
29/09/2025

MBO ကို ထိရောက်မှုရှိစေရန် ဘာတွေလုပ်မလဲ

MBO ထိရောက်မှုစေရန် အောက်ပါအချက်များပေါ်တွင်လည်း မူတည်နေပါတယ်။
- ခေါင်းဆောင်မှုပုံသဏ္ဍာန်
- အဖွဲ့အစည်းသဘာဝ
- နည်းပညာအတိုင်းအတာ တို့ ဖြစ်ပါတယ်။
အောက်ပါအချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် MBO ကို ထိရောက်စေပါတယ်။ ၎င်းတို့မှာ
(၁) အထက်လူများ Top Manager များက လက်အောက်ငယ်သားများကို လုပ်ပိုင်ခွင့်ပိုမိုပေးသင့်၏။
(၂) Objective တည်ဆောက်ရာတွင် ငယ်သားများ ပူးပေါင်းပါဝင်သင့်၏။
(၃) MBO သည် အဖွဲ့တစ်ခုလုံး၏ စီမံခန့်ခွဲမှုနှင့် ဆိုင်သည့် နည်းစနစ်အဟောင်းတွေကို ပြုပြင်တာမဟုတ်ပဲ လုံးဝပြောင်းလဲ အစားထိုးတာ ဖြစ်၏။
(၄) ပန်းတိုင်များကို မကြာခဏ ပြန်လည်သုံးသပ်ပြုပြင်ရမည်။
(၅) ဝန်ထမ်းအားလုံးလိုအပ်သော သင်တန်းပေး၍ ပန်းတိုင်ဘယ်လိုချမှတ်မလဲ၊ ပန်းတိုင်ကို ဘယ်လိုရောက်အောင် သွားမလဲ၊ ဘာနဲ့ သွားမလဲ၊ လုပ်ငန်းပေါက်မြောက်ဖို့ ဘယ်လိုအကဲဖြတ်မလဲ စတာတွေ သိနားလည်စေပါမယ်။
(၆) MBO နိုးကြားရန် ဝန်ထမ်းရဲ့စိတ် Psychology ကို အခြေခံရပါမယ်။ ဝန်ထမ်းတွေရဲ့စိတ်မှာ သူတို့ရဲ့အခန်းကဏ္ဍ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ မျှော်မှန်းရလဒ်တွေကို သိနေရပါမယ်။
ဤသို့ဆိုလျှင် MBO လုပ်ငန်းစဉ်ဟာ နိုးကြားနေပါလိမ့်မယ်ဟု ဆိုချင်ပါကြောင်း။

ဆရာဒေါက်တာထွန်းဝင်း ရေးသားသော “ HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ” စာအုပ်မှ ဝေမျှခြင်းဖြစ်ပါသည်။

27/09/2025

ရည်ရွယ်ချက်အခြေပြု စီမံခန့်ခွဲခြင်း (Management By Objective (MBO)) အပိုင်း (၂)

Management by objective မှာ အားသာချက်တွေကတော့
(၁) Goal ကို ချမှတ်ပြီး Planning ဆွဲရလို့ Planning ကို ကောင်းမွန်စေပြီး စီမံခန့်ခွဲမှုတစ်ခုလုံးကို ကောင်းရန် အထောက်အကူပြုတယ်။
(၂) မန်နေဂျာများဟာ Targets ခေါ် လျာထားချက်များဆွဲရန် လိုပါတယ်။ လက်အောက်ငယ်သားများထံကလည်း အကြံဉာဏ်များ ရယူရန် အခွင့်အရေးရပါတယ်။
(၃) မန်နေဂျာနှင့် staff တွေဟာ သူတို့ရဲ့ အခန်းကဏ္ဍကို ပိုမိုကွဲကွဲပြားပြားသိပြီး ယောင်ဝါးဝါးဖြစ်နေတာမျိုး မရှိတော့ပါဘူး။
(၄) ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်တွေကို ပိုမိုနားလည်လာပါတယ်။ အဲ့ဒီအတွက်လည်း ဂုဏ်ယူစိတ်တွေ ပိုလာပါတယ်။
(၅) MBO က Staff တွေ ဘယ်နေရာအားနည်းလဲ၊ ဘာ Training တွေလိုလည်း ညွှန်ပြပါတယ်။
(၆) အခါအားလျော်စွာ လုပ်ငန်းအကဲဖြတ်မှုကြောင့် လုပ်သားများဟာ မိမိတို့ဘယ်လောက် ပေါက်မြောက်ခဲ့လဲ သိခွင့်ရပါတယ်။ ရလာဒ်အခြေပြုအကဲဖြတ်မှုကြောင့် ထင်သာမြင်သာရှိပြီး မျက်နှာလိုက်မှုမရှိနိုင်ဘဲ စိတ်ဓာတ်မြှင့်တင်မှု ပိုများပါတယ်။ ဥပမာ - ကုန်ထုတ်စွမ်းအားပိုမိုသူကို ပိုတော်တယ်လို့ သတ်မှတ်လို့ တခြားအကြောင်းအရာများ (ဥပမာ - ဆက်ဆံရေးကောင်းတာမျိုး၊ အချိန်မှန်တာမျိုး) ထည့်မစဉ်းစားလို့ အငြင်းပွားဖွယ် မရှိပါဘူး။
(၇) မန်နေဂျာ နှင့် ငယ်သားများအကြား ဆက်သွယ်ရေးပိုကောင်းစေပါတယ်။ မန်နေဂျာများက Feedback တွေ ပေးနေရပါတယ်။ Goal တွေကို ဦးတည်သော အလုပ်ကိုသာ ဖြစ်စေပြီး ဦးတည်ချက်လွဲနေရင် ပြုပြင်ပေးရန် အခွင့်အရေး ရှိပါတယ်။
သို့သော် MBO Process ခေါ် လုပ်ငန်းစဉ် တစ်ခုလုံးကို Staff တွေ နားမလည်ရင် သူတို့မတိုးတက်ပါဘူး။ MBO Process မှာ အခက်အခဲတွေလည်း ရှိပါတယ်။ ၎င်းတို့မှာ -
(၁) ရှေးရိုးစွဲပုံစံကျင့်သုံးသောအဖွဲ့များတွင် ဗဟိုဦးစီးစနစ်ရှိရာ ဗဟိုလမ်းညွှန်ချက်များကို ငယ်သားများ မှီခိုနေလေ၏။ ထိုအခါ ဗဟိုက ရာနှုန်းပြည့် စ လယ် ဆုံး အပြည့်အဝလမ်းညွှန်မှ MBO အောင်မြင်မည်။
(၂) ရည်ရွယ်ချက်များချမှတ်ရာတွင် အကောင်အထည်ဖော်ရန်ခက်လွန်းသည်ဟု ငယ်သားများ အထင်လွဲတတ်၏။
(၃) MBO Process သည် တိုင်းတာ၍ရသော၊ ရေတွက်၍ရသော Goal များကိုသာ အလေးထား၍ တိုင်းတာ၍မရသော Goal များအတွက် အောင်မြင်မှု သတ်မှတ်ရန် ခက်၏။
(၄) MBO Process သည် Paper work, Meeting Report တွေများလွန်းလို့ အချို့မန်နေဂျာများ မလုပ်လိုကြပါ။
(၅) MBO သည် ရေတိုရေရှည်ရည်မှန်းချက်များနှင့် ရေတွက်တိုင်းတာ၍ရသော Goal များအတွက် အဆင်ပြေပါတယ်။ ရေရှည်လုပ်ငန်းအတွက် သိပ်အဆင်မပြေပါ။ အဘယ့်ကြောင့်ဆိုသော် ရေရှည်၌ ပတ်ဝန်းကျင်တွင် နည်းပညာနှင့် လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများကြောင့် Goal အပြောင်းအလဲ ရှိနိုင်၏။
(၆) အချို့မန်နေဂျာများသည် MBO လုပ်ငန်းစဉ်၌ လိုအပ်သော လမ်းညွှန်ဆွေးနွေးမှုများအတွက် လုံလောက်သော ကျွမ်းကျင်မှု မရှိကြပါ။
(၇) MBO စနစ်ကို အကောင်အထည်ဖော်ရာတွင် ဘတ်ဂျတ်ကြိုတင်ခန့်မှန်းရာ၌ အခက်အခဲရှိပါတယ်။
(၈) အုပ်စုလိုက်ရည်မှန်းချက်များ ဟန်ချက်ညီညီအောင်မြင်ရန်ခက်၏။ ဥပမာ - အရောင်းဌာနက လျာထားချက်မီအောင် ရောင်းချင်သော်လည်း ကုန်ထုတ်ဌာနက လျားထားချက်မီအောင် မထုတ်လုပ်လျှင် အရောင်းဌာန၏ ရည်မှန်းချက်ပါ မပြည့်ဝတော့ပါ။
(၉) MBO လုပ်ငန်းစဉ်သည် ကြာမြင့်တတ်၏။ ထိုအတောအတွင်း စဉ်ဆက်မပြတ်နိုးကြားနေရန် မလွယ်၍ ရည်းမှန်းချက် မပြည့်မီတာမျိုး ဖြစ်တတ်၏။

ဆက်ရန်

25/09/2025

ရည်ရွယ်ချက်အခြေပြု စီမံခန့်ခွဲခြင်း (Management By Objective (MBO)) (အပိုင်း ၁)

စီမံခန့်ခွဲရေးပညာရှင်အချို့က Management ကို Planning, Organizing, Leading, Controlling ဆိုပြီး ခွဲခြမ်းစိတ်ဖြာထားပါတယ်။ ပညာရှင် ဂျက်ဝဲလ်(ချ်)ကတော့ စီမံခန့်ခွဲခြင်းဆိုတာဟာ အဖြစ်အပျက်တစ်ခုခု၊ ပြဿနာတစ်ခုခုကို အဆီအလျော်ဆုံးနည်းနှင့် နည်းလမ်းမှန်ကန်စွာ ရင်ဆိုင်ဖြေရှင်းခြင်းလို့ ဆိုထားပါတယ်။ အခြေအနေအပေါ်မူတည်ပြီးတော့ Coaching, Directing, Supporting, Delegating လုပ်ရပါတယ်။ တစ်ချို့ပညာရှင်များကတော့ စီမံခန့်ခွဲမှုဆိုတာ “Management is the process of getting things done, effectively and efficiently with and through other people.”
Effectiveness ဆိုတာကတော့ “Doing the right things or completing activities so that organizational goals are attained.”
Efficiency ဆိုတာကတော့ “Doing things right or getting the most output from the least amount of inputs.” ဖြစ်ပါတယ်။ တစ်ခြားသော ပညာရှင်များ ဖွင့်ဆိုထားတဲ့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ Definition တွေ ရှိပါသေးတယ်။ ဆရာတစ်ယောက်ပြောဖူးတဲ့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ သီအိုရီတစ်ခုက “KKL” တဲ့။ ဆိုလိုတာက “ကြုပ်ကြပ်လိ” “ကြည့်ကြပ်လုပ်” လို့ ဆိုပါတယ်။ ဒါကြောင့် စီမံခန့်ခွဲမှုရှုထောင့်၊ ပညာရှင်များရဲ့ အဆိုအမိန့်ရှုထောင့်၊ စိတ်ပညာရှုထောင့်တို့ကနေ သီအိုရီများကို နှိုင်းယှဉ်လေ့လာဖို့ လိုပါတယ်။

ဝန်ထမ်းရေးရာ စိတ်ပညာမှာ MBO ကို ဤသို့အဓိပ္ပာယ်ဖွင့်ပါတယ်။ “Management by objective is a process by which managers and subordinates work together in identifying goals and setting up objectives and make plans together in order to achieve their objectives.” လို့ ဆိုရာ အဓိပ္ပာယ်ကတော့ MBO ဆိုတာ ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ ၎င်းဖြစ်စဉ်၌ မန်နေဂျာနှင့် ငယ်သားများ အတူတကွ ရည်ရွယ်ချက်ပန်းတိုင်များချမှတ်၍ ပန်းတိုင်သို့ ရောက်ရန် အတူတကွ အစီအစဉ်ချမှတ် အကောင်အထည် ဖော်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
George Odiorne ဆိုသူကတော့ MBO ဒဿနကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ MBO ဆိုတာ စီမံခန့်ခွဲရေးစနစ်တစ်ခုဖြစ်ပြီး ဖြစ်စဉ်တစ်ခုလည်းဖြစ်၍ မန်နေဂျာနှင့် ငယ်သားများက ဘုံပန်းတိုင်ကို ရေးဆွဲ၏။ ထို့အပြင် တစ်ဦးချင်းစီ၏ ရလာဒ်ပြရန် တာဝန်တွေကို သတ်မှတ်၏။ ဤသတ်မှတ်ချက်များကို အကောင်အထည်ဖော်၏။ ဤသို့လုပ်ရာတွင် တစ်ဦးစီ၏ လုပ်ဆောင်ချက်ကိုလည်း တိုင်းတာသည်လို့ ဆိုပါတယ်။ ဤတွင် ငယ်သားများက ပန်းတိုင်သွားရမှာကို လက်ခံပြီး အလုပ်လုပ်သောစံများကို သတ်မှတ်ရာတွင်လည်း ပူးပေါင်းပါဝင်၏။ ဤသို့ဖြင့် လုပ်သားများ ပိုမိုတက်ကြွစေ၏။ MBO တွင် ပါဝင်သော အရာများမှာ အောက်ပါအတိုင်း ဖြစ်၏။
1) Control Goal Setting (ဗဟိုက ပန်းတိုင်သတ်မှတ်ခြင်း)
a. အဖွဲ့အစည်း၏ ရည်မှန်းချက်အတိုင်း ဗဟိုက ပန်းတိုင်ရေးဆွဲ၏။ မန်နေဂျာတို့နှင့်လည်း တိုင်ပင်၏။
2) Manager Subordinate Involvement
a. အထက်က ရေးဆွဲ၍ ရပြီးသော ပန်းတိုင်များကို မန်နေဂျာနှင့် ငယ်သားများက မိမိတို့နှင့်ဆိုင်သော Goal ကို ရေးဆွဲ၍ မိမိတို့အလုပ်ကို မိမိတို့ သိစေ၏။
3) Matching Goals & Resources
a. Goal ကို အကောင်အထည်ဖော်ရန် အရင်းအမြစ် Resources များ ရှိရမည်။ Staff များက Goal ကို အကောင်အထည်ဖော်ရန် နည်းပညာ၊ ကိရိယာ၊ အရင်းအမြစ်များ ရှိရမည်။ အရင်းအမြစ်များကို မှန်ကန်စွာ နေရာချထားနိုင်ရပါမည်။
4) Freedom of Implementation
a. ရည်မှန်းချက်ရောက်အောင် အကောင်အထည်ဖော်ရာတွင် အထက်အရာရှိ၏ စွက်ဖက်မှုအနည်းဆုံး ဖြစ်သင့်၏။
5) Review and appraisal of performance (ပြန်လည်သုံးသပ်ခြင်းနှင့် လုပ်ရည်ကိုင်ရည်အကဲဖြတ်ခြင်း)
a. မိမိတို့လုပ်ထားတဲ့ အလုပ်ကိုပြန်သုံးသပ်၍ မိမိတို့၏ လုပ်ရည်ကိုင်ရည်ကို အခါအားလျော်စွာ သုံးသပ်ခြင်းဖြင့် မိမိတို့ရောက်နေသော တိုးတက်မှုအခြေအနေကိုသိရန် ရည်ရွယ်ချက်တွေကိုပြပြီး စီမံခန့်ခွဲတာဆိုတော့ ငါတို့ ဘာလုပ်ခဲ့လဲဆိုတာထက် ငါတို့ဘာတွေလုပ်ဖို့ ကျန်သေးတယ်ဆိုတာသိစေ၍ နိုးကြားမှုကို ဖြစ်ပါတယ်။
MBO Process မှာ မန်နေဂျာတို့ရဲ့ ပါဝင်ပတ်သက်မှု တော်တော်များများလိုပါတယ်။ မန်နေဂျာတို့က Goal များချမှတ်ရာမှာ staff တို့နှင့် အံဝင်ခွင်ကျဖြစ်ရန်လည်း လိုပါတယ်။ Staff တို့ရဲ့ လုပ်နိုင်စွမ်းနှင့် အဆီလျော်ဆုံး ဖြစ်သင့်ပါတယ်။

ဆက်ရန်

ဆရာဒေါက်တာထွန်းဝင်း ရေးသားသော “ HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ” စာအုပ်မှ ဝေမျှခြင်းဖြစ်ပါသည်။

23/09/2025

HR နယ်ပယ်မှ အကြံပြုဆွေးနွေးခြင်း Counselling ဗျူဟာ အပိုင်း (၂)

လုပ်ငန်းခွင်ဝင်ခါနီးမှ Counselling ခံယူရင် နည်းနည်းနောက်ကျသွားပြီး Educational Counselling က လက်ဦးနေရမှာ ဖြစ်ပါတယ်။ အရေးထဲမှာ ပြဿနာတစ်ခုကတော့ ဒီလိုပါ။ သဘာဝအရ Counsellor တစ်ယောက်ဟာ စိတ်ပညာရှင်ပါ။ စိတ်ပညာရှင်၊ စိတ်ကုဆရာဝန်တို့ဆီကို တစ်ခါလောက်သွားမိရင် ဖွံ့ဖြိုးဆဲနိုင်ငံမှာ အဲဒီလိုသွားမိသူကို စိတ္တဇသမား တံဆိပ်ကပ်ပေးလိုက်တာ တစ်သက်လုံးမပျောက်တော့ဘူး။ အဲဒါပြဿနာပါ။ အဲဒီထက် ထပ်ဆင့်ပြဿနာတက်တာကတော့ Counsellor ဆီသွားတဲ့ လူတစ်ယောက်ကို HIV ဝေဒနာသည်လို့ ထင်မြင်ယူဆလိုက်တာပါပဲ။ ဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ လူထုအမြင်ပြောင်းလဲခြင်း Public Perception Change ဖြစ်ဖို့တော့ အချိန်တန်နေပါပြီ။
တကယ်တော့ Counselling ဆိုတာ စိတ်ပညာရှင်ကသာ လုပ်ရတာမဟုတ်ဘဲ လူများစွာလုပ်ပေးနေရပါတယ်။ ဆရာဝန်၊ သူနာပြုတွေက လူနာတွေကို Counselling လုပ်ရပါတယ်။ မိဘတွေက သားသမီးတွေကို Counselling လုပ်ရပါတယ်။ စိတ်ပညာရှင်တွေလုပ်တဲ့ Counselling ကဲ့သို့ ဟုတ်ချင်မှ ဟုတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ Counselling တွေက လူတွေကြားမှာ ရှိနေကြပါတယ်။ အထက်အရာရှိကလည်း ငယ်သားတွေကို Counselling လုပ်ရတဲ့အခါ HR နယ်ပယ်က Counselling တစ်ခုလို့ ယူဆနိုင်ပါတယ်။ တစ်ဖန် Counselling နယ်ပယ်တစ်ခုဖြစ်တဲ့ Personal and Social Counselling ကတော့ HR နယ်ပယ်နှင့် မဆိုင်တော့ဘူးလားလို့ မေးစရာရှိပါတယ်။
Personal and Social Counselling ခံယူရတဲ့အခါမျိုးတွေကတော့
- လုပ်ငန်းခွင်မှာ စိတ်လှုပ်ရှားစရာတွေ ဖြစ်ရတဲ့အခါ
- ပုဂ္ဂိုလ်ရေးပြဿနာကြောင့် ဒေါသအထွက်လွန်တဲ့အခါ
- အသက်ကြီးလာလို့ ဘဝဟာ မလုံခြုံတော့ဘူးလို့ ခံစားရတဲ့အခါ
- အလုပ်လုပ်ရင်း စိတ်ဓာတ်ကျဆင်းတဲ့အခါ
- အမှားလုပ်မိပြီး အလွန်အကျွံဝမ်းနည်းနောင်တရတဲ့အခါ
- မိမိကိုယ်ကို ယုံကြည်မှု မရှိတဲ့အခါ
- ချစ်သူကွဲလို့ သေချင်လောက်အောင် ဝမ်းနည်းတဲ့အခါ
- မိဘနှစ်ပါးလမ်းခွဲလို့ စိတ်ဓာတ်ကျတဲ့အခါ စတာတွေမှာ ဤသို့သော Counselling ကို ခံယူရပါတယ်။
ဒီတော့ HIV သမားလည်း ခံယူနိုင်ပါတယ်။ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေလည်း ခံယူနိုင်သလို အလုပ်ရှင်လည်း ခံယူနိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကုမ္ပဏီဒေဝါလီခံရလို့ မိမိကိုယ်ကို သတ်သေတဲ့ လုပ်ငန်းရှင်မျိုးရှိတာဟာ သတိမမူ ဂူမမြင်ဆိုသလို Counselling ခံယူဖို့ မေ့သွားလို့ ဖြစ်ပါတယ်။ မိမိကိုယ်ကို ထိန်းညှိရန် ခက်တဲ့စိတ်နှင့်အပြုအမူတွေရှိရင် Counselling ခံယူသင့်ပါတယ်။ လုပ်ငန်းခွင်မှာ မပျော်ရွှင်မှု၊ မကျေနပ်မှု၊ စိတ်ဓာတ်ကျမှုတွေရှိရင် Counselling ခံယူ၍ သက်သာနိုင်ပါတယ်။
အထက်ပါကိစ္စတွေကတော့ HR နယ်ပယ်က Counselling သဘောတရားတွေ ဖြစ်ပါတယ်လို့ ဆိုချင်ပါကြောင်း။

ဆရာဒေါက်တာထွန်းဝင်း ရေးသားသော “ HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ” စာအုပ်မှ ဝေမျှခြင်းဖြစ်ပါသည်။

လက်ရှိကာလမှာ စိတ်ပညာ (Psychology) နဲ့ ပတ်သက်ပြီး စာအုပ်တွေ ထွက်ရှိလာတာ Psychology နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတာ နယ်ပယ်အသီးသီးမှာ Psychology ကို အသုံးချလာတာ တွေ့ရလာပါတယ်။ (ဥပမာ - Marketing Psychology, IO Psychology, HR Psychology, Money Psychology, Counselling Psychology, etc.) "စိတ်သည် လောကကြီးကို ဆောင်ထားသည်" လို့ ဘုရားဟောထားတာ ဆိုတော့ အရာရာတိုင်းဟာ စိတ်အပေါ်မှာ အခြေခံပါတယ်။

ဘုရားဟောထားတဲ့ စိတ်အကြောင်း အကျဉ်း (၈၉) ပါး၊ အကျယ် (၁၂၁) ပါး အဘိဓမ္မာတရားတွေကို ပိုပြီး စိတ်ဝင်တစား လေ့လာမိလာတော့ လွန်ခဲ့တဲ့တစ်ပတ်က ၂၀၂၄ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကွန်ပျူတာသင်တန်းလာတက်နေတဲ့ တပည့်တစ်ယောက်ကို အကြံပေးဖြစ်တယ်။ သူ့ရဲ့ ရမှတ်စုစုပေါင်းနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေကို လိုက်ကြည့်လိုက်တော့ ရိုးရိုးဘာသာရပ်တွေထဲက ရွေးမယ်ဆိုရင်တော့ စိတ်ပညာ ဘာသာရပ်သည် ခေတ်ကာလအခြေအနေအရ လေ့လာသင်ယူသင့်တဲ့ ပညာရပ်လို့ အကြံပေးတော့ ဦးစားပေးဘာသာရပ်တွေထဲမှာ ရွေးချယ်ဖြစ်ခဲ့တယ်။

22/09/2025

HR နယ်ပယ်မှ အကြံပြုဆွေးနွေးခြင်း Counselling ဗျူဟာ အပိုင်း (၁)
HR Field မှာ Counselling ဗျူဟာဆိုတော့ ခေါင်းစဉ်က နည်းနည်းဆန်းချင်ဆန်းနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Counselling ဆိုတာ ရှေးပဝေသဏီကတည်းက ရှိနေတယ်။ ဥပမာ HIV ကမ္ဘာပေါ်မှာ မပေါ်ပေါက်မှီ ၁၉၈၂ ခုနှစ်မတိုင်မှီကတည်းက Counselling လုပ်ငန်းဆိုတာ ရှိခဲ့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ Counselling ဆိုတာ မိမိတို့နှင့်မဆိုင်သလို ဖြစ်ခဲ့ကြပြီးနောက် HIV ရောဂါပေါ်လာမှ HIV ကာကွယ်ရေး INGO တွေရောက်လာပြီး HIV ဝေဒနာသည်တွေရဲ့စိတ်ဒဏ်ရာကို Counselling လုပ်ငန်းဖြင့် ဝန်ဆောင်မှုပေးရာက အစပြုပြီးတော့ Counselling ဝေါဟာရဟာ တစ်စတစ်စပေါ်ပြူလာ ဖြစ်လာခဲ့ပါတယ်။ ၎င်း HIV စဦးခေတ်မတိုင်မှီ Counselling ဆိုတာ စိတ်ပညာ Psychology နယ်ပယ်မှာ ရှိသော်လည်း ယခုလောက်တော့ ပေါ်ပြူလာမဖြစ်ပါဘူး။
ဒါကြောင့် Counselling လို့ အသံကြားရင် HIV နဲ့တွဲပြီး မြင်တတ်ပါတယ်။ တကယ်တော့ Counselling ဆိုတာ HIV အတွက် ထည့်သွင်းထားတာမဟုတ်ဘဲ HIV ဝေဒနာသည်ကို နှစ်သိမ့်တာမျိုးထက် အဆပေါင်းများစွာ ကျယ်ပြန့်ပြီး စိတ်အရည်အသွေးကို မြှင့်တာဖြစ်လို့ HIV ရောဂါပေါ်လာတော့ Counselling နှင့် အံဝင်သွား သော်လည်း Counselling ရဲ့ HIV နှင့်မဆိုင်တဲ့ အခြားလုပ်ငန်းတွေများစွာ ရှိရာ HR နယ်ပယ်မှာလည်း Counselling ဆိုတာ ရှိပါတယ်။ Counselling ရဲ့ နယ်ပယ်တွေဟာ များပြားလှပြီး ၎င်းတို့အနက်ထင်ရှားတဲ့ နယ်ပယ်အချို့ကို တင်ပြရပါသော်
(1) Educational Counselling
(2) Personal Social Counselling
(3) Vocational Counselling တို့ ဖြစ်ပါတယ်။
(1) အဲ့ဒီမှာ Educational Counselling နှင့် Vocational Counselling ဟာ ဝန်ထမ်းရေးရာနယ်ပယ်နှင့် ဆက်စပ်မှုများပြားနေပါတယ်။ Educational Counselling ဆိုတာကို Truman Kelley ဆိုသူက ၁၉၁၄ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တယ်။ ဥပမာ - ကျောင်းသားတွေဟာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးရင် ဘယ်ပညာရေးလိုင်းကို လိုက်ရမှန်းမသိရင် Educational Counselling Service က အကူအညီပေးပါတယ်။
ဒီတော့ Counselling ပေးသူ Counsellor ဟာ အဆင့်မြင့်ပညာရေးဘာသာရပ်တွေရဲ့ အခက်အခဲ၊ စိတ်ဖိစီးမှု၊ စိန်ခေါ်မှုတွေကို အတွင်းကျကျသိရှိရမှာဖြစ်တဲ့အပြင် ကျောင်းသားရဲ့ စိတ် (ဥပမာ - ဝါသနာ၊ ဗီဇ) တွေကို စစ်နိုင်တဲ့ စိတ်ပညာကျွမ်းကျင်မှုရှိရင် Counselling ပေးနိုင်ပါတယ်။ ဘယ်ကျောင်းသားဟာ ဘယ်ဘာသာရပ်နဲ့ ကိုက်တယ်ဆိုတာ Counsellor ကသိတော့ ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်ရင် ဝါဿနာနှင့် အလုပ်ထပ်တူကျတော့ ကုန်ထုတ်စွမ်းအား တိုးတက်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဆရာဝန်လိုင်းဆိုရင် ဆရာဝန်လိုင်းမှာပဲ စုပြုံတိုးကြတော့ ဝါဿနာကသပ်သပ် ရတဲ့ဘွဲ့ကသပ်သပ်ဖြစ်ပြီး ကုန်ထုတ်စွမ်းအားတွေ ကျဆင်းကုန်ပါတယ်။ Vocational Counselling (အလုပ်အကိုင်ဆိုင်ရာ Counselling) ကတော့ လုပ်ငန်းသဘော သဘာဝကို ရှင်းပြရတယ်။ သက်ဆိုင်ရာအလုပ်ရဲ့ စိန်ခေါ်မှု၊ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို ရှင်းပြရပါတယ်။ ပြီးတော့ အလုပ်လျှောက်ထားသူရဲ့ စိတ်သဘောနဲ့ကိုက်ညီရဲ့လား အကြံပေးရပါတယ်။ ဒါမှလည်း အလုပ်လုပ်တဲ့အခါ အခက်အခဲနည်းပြီး စိတ်ဖိစီးမှု လျော့နိုင်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အလုပ်ကိုရွေးချယ်ခွင့်နည်းပါတယ်။ စားဝတ်နေရေးအတွက် အလုပ်ကို ဂျီးများနေလို့ မရဘဲ ရရာအလုပ်ကိုလုပ်ရတဲ့အခါ တတ်ကျွမ်းတဲ့ Counsellor ရဲ့ အကြံပြုအားပေးခြင်း မခံရဘဲ မိမိတို့ပတ်ဝန်းကျင်က သူငယ်ချင်း အချင်းချင်းပဲ အားပေးရပါတယ်။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေကို တွေ့ရတဲ့အခါ အချင်းချင်းအားပေးပုံကတော့ “ သူငယ်ချင်းရေ ဝက်ဖြစ်မှတော့ မစင်စားရမှာ မကြောက်ပါနဲ့တော့” လို့ ဆိုပါတယ်။ စားဝတ်နေရေးအတွက် ဘာအလုပ်ပဲလုပ်ရ လုပ်ရ လုပ်တော့မှာပဲဆိုတဲ့ ဒဿနရှုထောင့်ကကြည့်ရင် မှန်ကောင်းမှန်ပေမယ့် ဝက်ဖြစ်တိုင်း မစင်စားစရာမလိုတဲ့ နည်းတွေအများကြီးရှိရာ နည်းတစ်ခုကတော့ မှန်ကန်သောအလုပ်ကို ရွေးချယ်ခြင်းပဲ ဖြစ်ပါတယ်။ မှန်သောအလုပ်ကို ရွေးခြင်းဆိုတော့ မူလကတည်းက မှန်သောပညာရေးကို ရွေးခဲ့ရတာမျိုး ရှိနေခဲ့သင့်ပါတယ်။
ဆက်ရန်
ဆရာဒေါက်တာထွန်းဝင်း ရေးသားသော “ HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ” စာအုပ်မှ ဝေမျှခြင်းဖြစ်ပါသည်။
ကျွန်တော်ကိုယ်တွေ့ အတွေ့အကြုံကြောင့် လက်ရှိအချိန်မှာ Educational Counselling, Vocaltional Counselling နဲ့ ပတ်သက်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဘွဲ့ရပြီး တပည့်လေးတွေနဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက် ညီ/ညီမလေးတွေ လာပြီး အကြံဉာဏ်တောင်းခံရင် အကောင်းဆုံး အကြံပေးဖြစ်ပါတယ်။ (Counsellor တစ်ယောက်တော့ မဟုတ်ပါ) ကျွန်တော် ၁၉၉၉ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီး ဆေးတက္ကသိုလ် (MBBS) တက်ဖို့ အမှတ်အနည်းအငယ်နဲ့ လွဲခဲ့ရပါတယ်။ သွားဆရာဝန်လိုင်း ရခဲ့ပေမယ့် ဆေးပညာနဲ့ပတ်သက်တဲ့လိုင်းတစ်ခုမှ မတက်ခဲ့ပါဘူး။ ရွေးချယ်ခဲ့တဲ့ ပညာရပ်အပေါ်မှာပဲ အကောင်းဆုံး ထူးချွန်အောင် ကြိုးစားခဲ့ပြီး ဂုဏ်ထူးဘွဲ့တစ်ခုရအောင်ယူခဲ့တယ်။ အကြောင်းကြောင်းကြောင့် ပညာရေးဆက်လက် မသင်ယူနိုင်တော့ဘဲ သင့်တော်ရာအလုပ်တစ်ခုကိုပဲ စလုပ်ခဲ့ရတယ်။ အဲ့ဒီနောက် ကောင်းနိုးရာရာအလုပ်လုပ်တွေလုပ်ရင်း တိုးတက်အောင်ကြိုးစားရင်း ခေတ်ရဲ့ လိုအပ်ချက်ဖြစ်လာတဲ့ MBA ဘွဲ့ထပ်ယူခဲ့တယ်။ ဘဝရပ်တည်ရေးအတွက် မြင့်မားတဲ့ရာထူးအထိ တက်လှမ်းနိုင်အောင် ခေတ်နဲ့အညီ လေ့လာသင်ယူရင်း (သင်တန်းတွေအများကြီးထပ်တက်၊ စာအုပ်တွေအများကြီးဖတ်) career တွေ ပြောင်းရင်း ကြိုးစားရင်းနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အချိန်တုန်းက ဝါဿနာဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး။ ဆိုလိုတာက အစကတည်းက ဘယ်ပညာရေး၊ ဘယ်အလုပ်အကိုင်ကို ရွေးချယ်လုပ်မလဲဆိုတာကို မှန်ကန်စွာ ရွေးချယ်စေချင်တာပါ။ (ကျွန်တော်ရဲ့အကြောင်းလေး ဝေမျှတာသည် ဂုဏ်ဖော်ခြင်း မဟုတ်ပါ)

14/09/2025

အလုပ်သမားတစ်ယောက်ကို လစာတိုးပေးပြီးရင် လုပ်ငန်းခွင်မှာ ကျေနပ်ပျော်ရွှင်မှာ သေချာလား

ဥပဒေအရ အချို့သောကုမ္ပဏီအလုပ်သမားတွေ လုပ်အားခလစာတိုးမြှင့်ရရှိတော့မှာ ဖြစ်ပါတယ်။ လူ့သဘာဝအရ ငွေကြေးပိုရတယ်ဆိုရင် ပျော်ရွှင်ကျေနပ်မယ့်သူများ ဖြစ်ပါတယ်။ အလုပ်သမားတွေကို လစာတိုးပြီးရင် အလုပ်သမားတွေ ကျေနပ်ပျော်ရွှင်မှာကို လုပ်ငန်းရှင်တွေက လိုလားပါတယ်။ အကယ်၍ အဲ့ဒီလိုဖြစ်မလားဘူးဆိုရင် ဘာဆက်လုပ်ကြမလဲ ဆိုပြီး မေးလာစရာအကြောင်းလည်း ရှိပါတယ်။
Job Satisfaction (လုပ်ငန်းခွင်၌ စိတ်ကျေနပ်မှုဆိုတာ ဘာလဲ)
လုပ်ငန်းခွင်၌ စိတ်ကျေနပ်မှုဆိုတာဟာ အလုပ်သမားတစ်ယောက်ရဲ့အမြင် Perception ပဲ ဖြစ်ပါတယ်။ အလုပ်၌ပါဝင်သောအရာများနဲ့ အလုပ်သမားတစ်ယောက်ရဲ့ တန်ဖိုးကို မြင်တဲ့အမြင်ကို Job Satisfaction လို့ ခေါ်ပါတယ်။ နောက်တစ်မျိုး အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုကတော့ “It is a pleasurable or positive emotional state resulting from the appraisal of one’s job or job experience.” လို့ ခေါ်ပါတယ်။ အပေါင်းလက္ခဏာဆောင်သော စိတ်အခြေအနေတစ်ခုဖြစ်ပြီး အလုပ်ကိုအကဲဖြတ်ခံရခြင်းမှ ပေါ်ထွက်လာတဲ့ ရလာဒ်တစ်ခု ဖြစ်ပါတယ်။
လုပ်ငန်းခွင်စိတ်ကျေနပ်မှုဆိုင်ရာ အကြောင်းအရင်းများ
ဤအကြောင်းရင်းများကို (၄) မျိုးခွဲထားရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ Organizational Factors (အဖွဲ့အစည်းဘက်နဲ့ဆိုင်တဲ့ ကိစ္စများ)
၁.၁။ လစာနှင့် လုပ်အားခ
Locke ဆိုသူရဲ့ လေ့လာချက်အရ လစာနှင့်လုပ်အား ပမာဏဟာ လုပ်ငန်းခွင်စိတ်ကျေနပ်မှုနဲ့ အထူးသက်ဆိုင်နေပါတယ်။
၁.၂။ ရာထူးတက်မှု
ရာထူးတက်မှုဟာလည်း လုပ်ငန်းခွင်စိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်လို့ ဆိုပါတယ်။ ရာထူးတက်မှုနဲ့အတူ လုပ်အားခတိုးတက်လာတာ၊ အခြားရပိုင်ခွင့်အဆောင်အယောင်တွေ တိုးတက်လာတာတွေဟာ တစ်ပါတည်း လိုက်ပါလာတယ်။ ထို့ပြင် ရာထူးတက်လာတဲ့အခါ ဆုံးဖြတ်ချက်ချရာမှာ ပိုမိုလွတ်လပ်တယ်။ အနီးကပ်ကြီးကြပ်မှု လျော့နည်းသွားပါတယ်။
၁.၃။ ကုမ္ပဏီပေါ်လစီများ
စည်းကမ်းချက်များကို ပိုမိုဖြေလျှော့ပေးသော ကုမ္ပဏီမှာ အလုပ်သမားတွေ ပိုပျော်ကြတယ်လို့ ဆိုပါတယ်။
၂။ လုပ်ငန်းပတ်ဝန်းကျင်ဟာ လုပ်သားကျေနပ်မှုကို လွှမ်းမိုးပါတယ် (Work Environment)
၂.၁။ ကြီးကြပ်သူများ (Supervisors) နှင့် ကြီးကြပ်ခံရသူများ (Supervisees) များသည် ပိုမို၍ နွေးထွေးသော လုပ်ငန်းပတ်ဝန်းကျင်၌ အလုပ်သမားများ ကျေနပ်မှုရှိကြတယ်ဟု ဆိုပါတယ်။
၂.၂။ Work Group (အလုပ်အုပ်စု)
Work Group ပမာဏနှင့် အရည်အသွေးဟာ အလုပ်သမားစိတ်ကျေနပ်မှုကို လွှမ်းမိုးပါတယ်။ ခံစားချက်တွေကို ရင်ဖွင့်နိုင်တဲ့ အလုပ်အုပ်စုမှာ စိတ်ကျေနပ်မှု များပါတယ်။ အလုပ်အုပ်စုပမာဏကြီးမားရင် ခံစားချက်တွေ ရင်ဖွင့်ရတာ မလွယ်တော့ဘဲ လုပ်ငန်းငယ်ရင် ခံစားချက်တွေ ရင်ဖွင့်ရတာ လွယ်တယ်လို့ ဆိုပါတယ်။
၃။ အလုပ်ကိုယ်တိုင် (Work It Self)
အလုပ်ကိုယ်တိုင်က လုပ်သားတို့ ကျေနပ်မှုကို ဖြစ်စေခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းဟာ လုပ်သားတို့ ဂုဏ်ယူမှုကို ဖြစ်စေပြီး စိတ်ကျေနပ်မှုကို ဦးတည်စေပါတယ်။ အလုပ်သဘာဝ အပြောင်းအလဲဖန်တီးပေးနိုင်တဲ့ အလုပ်ဟာ လုပ်ငန်းခွင်၌ စိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်။ သင့်တင့်မျှတတဲ့ အလုပ်သဘာဝအပြောင်းအလဲ ဖြစ်စေခြင်းဖြင့် စိတ်ပျော်ရွှင်စေပါတယ်။ လုပ်သားတွေဟာ မိမိအလုပ်ကို မိမိသံသယဝင်နေရင် ပဋိပက္ခတွေဖြစ်နေရင်တော့ မပျော်ပါဘူး။
၄။ Personal Factors
လုပ်သားတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘာဝကလည်း လုပ်ငန်းခွင်သဘာဝကို လွှမ်းမိုးပါတယ်။ တစ်ချို့က စိတ်ညစ်စရာရှိပေမယ့် စိတ်မညစ်ဘဲ အကောင်းမြင်သမားတွေ ရှိပါတယ်။ ပျော်ပျော်နေသေခဲလို့ ခံယူထားရင် အလုပ်ထဲမှာ ပျော်ပါတယ်။ အချို့က မိမိရဲ့ဘဝ၊ မိမိရဲ့ပတ်ဝန်းကျင်ကို စိတ်တိုင်းမကျရင် မပျော်ပါဘူး။ လုပ်သက်နဲ့အမျှ ရာထူးတက်လာခြင်း၊ လုပ်ပိုင်ခွင့်တွေကို ပြသနိုင်ခြင်း စတဲ့ ဂုဏ်ယူစရာတွေက စိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်။ အလုပ်တစ်ခုဟာ လုံခြုံမှု (Job Security) ရှိရင် ရေရှည်ဘဝအစီအစဉ် ချမှတ်နိုင်လို့ စိတ်ကျေနပ်မှု ရှိပါတယ်။ ငါ့အလုပ်ကလေး ဘယ်တော့ပြုတ်မလဲလို့ စိုးရိမ်ရရင်တော့ စိတ်ကျေနပ်မှု မရှိပါဘူး။
Intrinsic Source of Job Satisfaction
အထက်ကဖော်ပြခဲ့တဲ့ လုပ်ငန်းခွင်စိတ်ကျေနပ်မှုနဲ့ဆိုင်တဲ့ အကြောင်း (၄) မျိုးနဲ့ တန်းတူအရေးကြီးတဲ့ အရာတစ်ခုကတော့ မိမိကိုယ်တွင်းဖြစ်လာတဲ့ စိတ်ကျေနပ်မှု ( Intrinsic Source of Job Satisfaction) ပဲ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကိုယ်တိုင်ရဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိကိုယ်ကို လေးစားမှု၊ ရင့်ကျက်မှု၊ ငါကြိုးစားရမယ်၊ ငါဟာတာဝန်ကျေစေရမယ်ဆိုတဲ့အမြင်၊ တာဝန်သိစိတ်တွေဟာ မိမိလုပ်ငန်းခွင်မှာ မိမိကိုကျေနပ်စေပါတယ်ဆိုပြီး စိတ်ပညာရှင်တို့ရဲ့ ရေးသားချက်တွေကို ဖတ်ရှုခဲ့ရပါတယ်။ အထက်ပါ စိတ်ပုံသဏ္ဍာန်တွေကို လူတစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးသဏ္ဍာန် (Personal Traits) လို့ ခေါ်ပါတယ်။
လုပ်ငန်းခွင်စိတ်ကျေနပ်မှုနှင့် လုပ်ငန်း၌နိုးကြားမှု (Job Satisfaction) နှင့် (Motivation) တို့ဟာ ဆက်စပ်နေပါတယ်။ အလုပ်သမားတစ်ယောက်ဟာ ငါကြိုးစားသလောက် ငါ့ကိုချီးမြှင့်မြှောက်စားမှာပါလို့ ယုံကြည်ရင် နိုးကြားတယ်လို့ Vroom’s Expectancy Model ခေါ် စိတ်ပညာ သီအိုရီတစ်ခုက ရှင်းပြခဲ့ပါတယ်။ နောက်ထပ် စိတ်ပညာသီအိုရီတစ်ခုကတော့ Equity Theory ဆိုတာဖြစ်ပြီး လုပ်သားတွေဟာ ငါတို့ကို သာတူညီမျှဆက်ဆံတယ်။ ဘက်မလိုက်ဘူး။ မျက်နှမလိုက်ဘူး။ တရားမျှတတယ်လို့ ယုံကြည်ရင် နိုးကြားတက်ကြွမှု ရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ်တက်ကြွမှုဆိုင်ရာ စိတ်ပညာသီအိုရီတစ်ခုကတော့ Goal Setting Theory ဖြစ်တယ်။ အလုပ်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ထားရှိပြီး ၎င်းပန်းတိုင်ကို လုပ်သားတွေကလည်း သဘောတူရင် ပန်းတိုင်ရောက်ရန် အားလုံး တက်တက်ကြွကြွလုပ်ကြပါတယ်လို့ ဆိုပါတယ်။ ဒီတော့ အစပိုင်းမှာ အလုပ်သမားတစ်ယောက်ကို လစာတိုးပြီးရင် သူဟာ လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှာ သေချာလားဆိုတဲ့ မေးခွန်းကို ဖြေရရင် မသေချာပါဘူး။ No လို့ ဖြေရမှာပါ။
ဘာကြောင့်လဲဆိုတော့ လစာဆိုတာ စိတ်ကျေနပ်မှုကို ဖြစ်စေခြင်းရဲ့ အကြောင်းအရင်းများထဲက တစ်ခုသာ ဖြစ်ပြီး အခြားအကြောင်းအရာတွေ များစွာရှိပါတယ်။ စိတ်ကျေနပ်မှုဖြစ်စေဖို့ သေချာချင်ရင်တော့ စိတ်ကျေနပ်မှုနဲ့ဆက်စပ်နေတဲ့ အကြောင်းအရာအားလုံးကို လေ့လာပြီး လိုအပ်သလိုစေ့ဆော်စီမံခန့်ခွဲဖို့ လိုတယ်လို့ ဆိုချင်ပါကြောင်း……………

ဆရာဒေါက်တာထွန်းဝင်း ရေးသားသော “ HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ” စာအုပ်မှ ဝေမျှခြင်းဖြစ်ပါသည်။

10/09/2025

လုပ်ငန်းခွင်နှင့် အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာဖြစ်ပေါ်လာပုံ ရာဇဝင်
စိတ်ပညာ Psychology ဆိုတာဟာ ဖွံ့ဖြိုးလာတာ နှစ်ပေါင်း (၂၀၀) ကျော်ခန့်ရှိပါပြီး။ သို့သော် ၎င်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော လုပ်ငန်းခွင်နှင့် အဖွဲ့အစည်းဆိုင်ရာစိတ်ပညာ IO Psychology ဆိုတာကတော့ (၂၀) ရာစု ခေတ်ဦးပိုင်းလောက်မှာမှ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာ Walter D Scott ဆိုသူက “The Theory of Advertising” “ကြော်ငြာခြင်းဆိုင်ရာ သီအိုရီ” အမည်ရှိစာအုပ်ကို ရေးသားခဲ့ပါတယ်။ ၎င်းစာအုပ်ကို လုပ်ငန်းခွင်နှင့်ဆက်စပ်နေသော စိတ်ပညာစာအုပ်လို့ ယူဆခဲ့ရာ လုပ်ငန်းခွင်သဘောတရားတွေကို စိတ်ပညာရှုထောင့်က ကြည့်လာကြပါတယ်။
တစ်ဖန် ၁၉၁၁ ခုနှစ်မှာ ဖရက်ဒရစ်တေလာ Frederick Taylor ဆိုသူက “Principle of Scientific Management” သိပ္ပံနည်းကျ စီမံခန့်ခွဲခြင်း၏ အဓိကအရာများဆိုပြီး စာအုပ်ရေးခဲ့ပြန်ပါတယ်။ ၎င်းစာအုပ်မှာ
(၁) အလုပ်သမားကောင်းများရွေးချယ်ရေးနှင့် သင်တန်းပေးခြင်း ဗျူဟာများ ပါဝင်ပါတယ်။ ၁၉၁၃ ခုနှစ်မှာ တတိယမြောက်စာအုပ် ပေါ်ထွန်းလာပြန်ပါတယ်။ ဂျာမဏီစိတ်ပညာရှင် Hugo Munsterberg ဆိုသူ ဟားဘတ်တက္ကသိုလ်ပါမောက္ခရေးသော “The Psychology of Industrial Efficiency” အမည်ရှိ စာအုပ်ဖြစ်ပါတယ်။ ၎င်းစာအုပ်၌ အပိုင်း (၃) ပိုင်းပါဝင်ရာ
(၁) ဝန်ထမ်းရွေးချယ်ခြင်း
(၂) လုပ်ငန်းခွင်အနေအထားဒီဇိုင်း
(၃) ဈေးရောင်းခြင်း၌ စိတ်ပညာအသုံးချပုံ တို့ပါဝင်ပါသည်။
၎င်းစာအုပ်ရေးသူ Munsterberg ကို လုပ်ငန်းခွင်စိတ်ပညာ၏ ဖခင်ကြီးလို့ ယူဆကြပါတယ်။ ၎င်းနောက် ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာရာ စစ်သားတွေ၊ ဝန်ထမ်းတွေ သန်းနှင့်ချီပြီး ခန့်ထားရပါတယ်။ အမေရိကန်တပ်မတော်က Psychologist တွေများစွာ ခန့်ထားပြီး ဝန်ထမ်းရွေးရပါတယ်။ သူတို့က ဉာဏ်ရည်စစ်ဆေးမှုတွေ ပြုလုပ်ခန့်ထားကြပါတယ်။ စာတတ်သူတွေအတွက် ဉာဏ်ရည်စစ်ခြင်း Army Alpha Test နှင့် စာမတတ်သူအတွက် ဉာဏ်ရည်စစ်ခြင်း Army Beta Test ဆိုပြီး (၂) မျိုးစစ်ကြပြီး ဉာဏ်ရည်အလိုက်၊ ပညာအလိုက်၊ လိုက်ဖက်ညီတဲ့ သင်တန်းတွေ တက်စေပါတယ်။
လေယာဉ်မှူးရာထူးများနှင့် သော့ချက်ကျတဲ့ အရာရှိများခန့်အပ်ရေးကိစ္စမှာ Psychiatrist တွေ အထူးအောင်မြင်စွာ စွမ်းဆောင်နိုင်တယ်။ ဤကဲ့သို့သော အောင်မြင်မှုများဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ပိုမိုအသုံးဝင်လာပြီး IO Psychology ဆိုတာဟာ ကုမ္ပဏီ၊ ပညာရေး၊ လူမှုရေးအသင်းတွေရဲ့ ရာထူးခန့်ထားရေးတွေမှာပါ အသုံးဝင်ပြီး IO Psychology ကို Personnel Psychology (HR Psychology) ဆိုတာ ဖြစ်လာပါတယ်။ IO Psychology ရဲ့ ပညာရေးနယ်ပယ်ချဲ့ထွင်မှုတစ်ခုကတော့ ၁၉၂၄ ခုနှစ်မှာ Hawthrone Study (ဟောသရုန်းလေ့လာမှု) သုတေသန ပြုနိုင်ခဲ့ပါတယ်။
Hawthrone က ရှေးဦးစွာ လုပ်ငန်းခွင်ရဲ့ ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်က လုပ်အားရဲ့ ထိရောက်မှုအပေါ်မှာ သက်ရောက်မှုရှိတာကို လေ့လာတယ်။ ဥပမာ - လုံလောက်သော အလင်းရောင်၊ လုပ်ငန်းခွင်ရဲ့လေဝင်လေထွက်၊ သင့်လျော်တဲ့ အပူချိန်စတာတွေဟာ လုပ်သားတွေကို ကောင်းကောင်း အလုပ်လုပ်စေတယ်။ ထို့နောက် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာပတ်ဝန်းကျင် (Social & Psychological Environment) က လုပ်အားအပေါ် ဘယ်လိုသက်ရောက်လဲ လေ့လာပါတယ်။ စိတ်ပိုင်းဆိုင်ရာနွေးထွေးတဲ့ လုပ်ငန်းပတ်ဝန်းကျင်ဆိုတာကတော့ ဥပမာ - လုပ်ငန်းခွင်မှာ အလုပ်သမားတွေကို နွေးထွေးစွာနှင့် ဆက်ဆံတာ၊ ပျော်ရွှင်စေတာ။ အဲ့ဒီစိတ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်က ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု (ဥပမာ - အဲကွန်းတပ်ပေးတာ၊ လေကောင်းလေသန့်၊ ကောင်းတဲ့အလင်းရောင်) ပေးတာထက်ပိုပြီး လုပ်ငန်းကို ထိရောက်စေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
၎င်းအပြင် အလုပ်အသစ်အဆန်းတွေကို လုပ်ရတဲ့အခါ လုပ်သားတွေဟာ ပိုပြီးစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင်စိတ်ပညာဟာ ၁၉၅၄ ခုနှစ်နောက်ပိုင်းမှာ တဟုန်ထိုး တိုးတက်လာပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှင့်ပြိုင်တူ တိုးတက်လာပါတယ်။ နောက်ပိုင်းမှာ ဂျပန်ကားတွေ ရောင်းကောင်းလာတာဟာ ဂျပန်တွေက အင်ဂျင်နီယာစိတ်ပညာနားလည်လို့ ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်များဟာ Job Performance အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ဒါကြောင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စိတ်ပညာကို အသုံးမပြုလို့မရပါဘူး။ ၁၉၇၀ ခုနှစ်အရောက်မှာ အမေရိကန်စိတ်ပညာအသင်းက Job Performance ကို ကူညီတဲ့ စိတ်ပညာ၏ ဘာသာခွဲတစ်ခုကို လုပ်ငန်းခွင် နှင့် အဖွဲ့အစည်းဆိုင်ရာစိတ်ပညာ Industrial & Organizational Psychology ဟု ပီပီပြင်ပြင် အမည်ပေးခဲ့ပါကြောင်း။

ဆရာဒေါက်တာထွန်းဝင်း ရေးသားသော “ HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ” စာအုပ်မှ ဝေမျှခြင်းဖြစ်ပါသည်။

08/09/2025

လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ ( Industrial & Organizational Psychology) ဆိုသည်မှာ အပိုင်း (၁)

HR ဘာသာရပ်ကို လေ့လာတဲ့အခါမှာ IO Psychology ကို ချန်လှပ်ပြီး လေ့လာလို့ မရပါဘူး။ Robert M. Guion ဆိုသူက ၁၉၆၅ ခုနှစ်မှာ IO Psychology ကို အဓိပ္ပာယ်သတ်မှတ်ပုံကတော့ "It is the scientific study of the relationship between man and the world of work." လုပ်ငန်းခွင်နှင့် အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာဆိုသည်မှာ လူသားနှင့် ကမ္ဘာပေါ်က လုပ်ငန်းများဆက်စပ်ပုံကို သိပ္ပံနည်းကျလေ့လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
IO Psychology ကို လေ့လာရတဲ့ အခြေခံအကြောင်း (၂) ခုကတော့
(၁) လူသားတွေကို ထိရောက်စွာ အသုံးချဖို့
(၂) လူသားတွေကို တန်ဖိုးထားဖို့ (ဥပမာ - လုပ်သားတို့ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ လုပ်ငန်းခွင်၌ပျော်ရွှင်ရေး တို့ ဖြစ်ပါတယ်။

IO Pshchology မှာ နယ်ပယ် (Fields) ၆ ခု ရှိပါတယ်။ အဲ့ဒါတွေကတော့
(၁) Personal Psychology (ဝန်ထမ်းရေးရာ စိတ်ပညာ)
ဝန်ထမ်းရေးရာစိတ်ပညာက ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှု (Skill)၊ Potential Performance ခေါ် အလားအလာရှိသော လုပ်ရည်ကိုင်ရည်တွေကို လေ့လာပါတယ်။ Performance Evaluation တွေ ဘယ်လိုလုပ်မလဲ ? Performance တိုးတက်အောင် ဘာသင်တန်းတွေပေးမလဲ လေ့လာပါတယ်။

(၂) Organization Behavior (အဖွဲ့အစည်းအမူအကျင့်)
Organization က လုပ်သားတို့ရဲ့ စိတ်သဘောထား (Attitude)၊ အမူအကျင့် (Behavior) တွေကို လွှမ်းမိုးပါတယ်။ ဝန်ထမ်းတွေက မိခင်ကုမ္ပဏီ၊ အဖွဲ့အစည်းကို ဘယ်လောက်လေးစားလဲ။ အချင်းချင်းဆက်သွယ်ပုံတို့ကို လေ့လာပါတယ်။ တစ်ချို့ အဖွဲ့အစည်းက ဗဟိုဦးစီးသဏ္ဍာန် Top Down Behavior နှင့် ကျင့်သုံးတယ်။ တစ်ချို့က အောက်ခြေကို လေးစားတဲ့သဏ္ဍာန် Bottom up Behavior နှင့် ကျင့်သုံးတယ်။ အဲ့ဒီလိုမျိုး Behavior တွေက ဝန်ထမ်းတွေရဲ့ Behavior ကို လွှမ်းမိုးပါတယ်။

(၃) Engineering Psychology (အင်ဂျင်နီယာစိတ်ပညာ)
အင်ဂျင်နီယာစိတ်ပညာဆိုတာက စက်ပစ္စည်း၊ လူသားတွေကိုင်တွယ်ရတဲ့ ကိရိယာတွေကို ဘယ်လိုပုံသဏ္ဍာန်တီထွင်ခြင်းဖြင့် လူသားတွေအတွက် ပိုမိုလွယ်ကူပြီး ကုန်ထုတ်စွမ်းအား ဘယ်လိုတိုးတက်မလဲဆိုတာ လေ့လာပါတယ်။ ဥပမာ - မျက်မှောက်ကာလမှာ ဒရိုင်ဘာတွေအတွက် manual ဂီယာမော်တော်ကားမှ အော်တိုဂီယာမော်တော်ကားဒီဇိုင်းထုတ်ထုတ်လို့ ဒရိုင်ဘာတွေပိုပြီး အချိန်ကြာကြာ သက်သက်သာသာ မောင်းနိုင်ပါတယ်။

(၄) Vocational and Career Counselling (အသက်မွေးဝမ်းကျောင်းနှင့်တိုးတက်မှုဆိုင်ရာ ပညာပေးဆွေးနွေးခြင်း စိတ်ပညာ)
ဤစိတ်ပညာကတော့ လုပ်ငန်းမှာ ပြဿနာဖြစ်သူတွေကို ပညာပေးဆွေးနွေးပါတယ်။ မှန်ကန်သောအလုပ်၊ မိမိစိတ်နှင့်ကိုက်ညီသောအလုပ်ကို ရွေးချယ်နိုင်ဖို့အတွက်လည်း ပညာပေးပါတယ်။ အလုပ်ကို စိတ်မဝင်စားလို့ ဖြစ်လာတဲ့ပြဿနာတွေ၊ လူတစ်ယောက်ဟာ အလုပ်အမျိုးအစားပြောင်းရန် လိုမလို၊ ပင်စင်ယူတဲ့အချိန်ကို ရင်ဆိုင်ဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာတွေအထိ စိတ်ပညာရှုထောင့်မှ အကြံပြုပါတယ်။

(၅) Organizational Development
အဖွဲ့အစည်းဖွံ့ဖြိုးရေးစိတ်ပညာဆိုတာကတော့ IO Psychology ရဲ့ နောက်ဆုံးပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုဟာ ပစ္စုပ္ပန်မှာ ဘာပြဿနာတွေဖြစ်နေလဲဆိုတာ Psychologist က လေ့လာရပြီး ထိရောက်မှုရှိသော ပြောင်းလဲခြင်း Change များ ဖြစ်လာအောင် အကြံပြုရပါတယ်။ Change (ပြောင်းလဲခြင်း) ဆိုရာမှာ လူပုဂ္ဂိုလ်၊ လုပ်ထုံးလုပ်နည်း၊ နည်းပညာတွေပြောင်းလဲရန် အကြံပေးရပါတယ်။

(၆) Industrial Relations (လုပ်ငန်းခွင်၌ ဆက်နွယ်မှုများ ကို လေ့လာသော စိတ်ပညာ)
ဤစိတ်ပညာသည် ကုမ္ပဏီနှင့် အလုပ်သမားလူထုအကြား အငြင်းပွားမှုများကို စိတ်ပညာရှုထောင့်မှ လေ့လာဖြေရှင်းပေး၏။

ဆရာဒေါက်တာထွန်းဝင်း ရေးသားသော " HR မန်နေဂျာတို့အတွက် လုပ်ငန်းခွင်နှင့် အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာ" စာအုပ်မှ ရေးသားဝေမျှပါသည်။

Address

Myawaddy 3rd Street, Ward 2
Palaw
14051

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

09962301155

Website

Alerts

Be the first to know and let us send you an email when Better Future Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Better Future Training Centre:

Share