08/03/2026
Programming paradigm Part - 1
Programming paradigm (ပါရာဒိုင်း) ဆိုတာက program ရေးဆွဲတဲ့အခါ စဉ်းစားတွေးခေါ်တဲ့ ပုံစံနဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ Developer တစ်ယောက်က logic တွေကို ဘယ်လိုပုံစံမျိုးနဲ့ စဉ်းစားတွေးခေါ် တည်ဆောက်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသလဲ၊ အဲဒီလို ဖြေရှင်းတဲ့နေရာမှာ code တွေရဲ့ အလုပ်လုပ်ပုံကို ဘယ်လိုရှုမြင်သလဲဆိုတဲ့အပေါ် paradigm တွေက အများကြီး လွမ်းမိုး သက်ရောက်မှုရှိပါတယ်။ ဒီဘက်ခေတ် နောက်ပိုင်း programming languages တွေကတော့ multi-paradigm တွေများပါတယ်။ ဆိုလိုတာကတော့ ပုံစံတွေ၊ အတွေးအခေါ်တွေကို လိုအပ်ရင် လိုအပ်သလို ရောယှက်အသုံးပြုနိုင်တာမျိုးပါ။
ဒီနေ့မှာတော့ အခြေခံ Programming Paradigms တွေကို သူတို့ရဲ့ အမျိုးအစားအလိုက် ပြောပြပေးသွားပါ့မယ်။
(၁) Imperative Paradigm
ဒါကတော့ လူအများစုနဲ့ ရင်းနှီးပြီးသား သက်တမ်းအရင့်ဆုံးထဲက တစ်ခုလည်း ဖြစ်ပါတယ်။ Program ရဲ့ state တွေကို ပြောင်းလဲသတ်မှတ်ပြီးတော့ တစ်ဆင့်ချင်းစီ ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အဖြေကို 'ဘယ်လို' ရအောင်လုပ်မလဲ (How to do) ဆိုတဲ့ ရှုထောင့်ကနေပြီးတော့ ချဉ်းကပ်ပါတယ်။ Statement ပေါင်းများစွာ ပါရှိပြီးတော့ တွက်ချက်မှုတွေ ပြီးတဲ့နောက်မှာလည်း ရလာတဲ့ ရလဒ်တွေကို သိမ်းဆည်းနိုင်ပါတယ်။ ဒီ Imperative Paradigm အောက်မှာမှ Procedural ရယ်၊ Object-oriented ရယ်ဆိုပြီး အမျိုးအစား (၂) ခု ထပ်ခွဲနိုင်ပါတယ်။
Procedural: ရေးလိုက်တဲ့ code တွေကို ပြန်သုံးနိုင်ပြီးတော့ step-by-step logic အတိုင်း သွားပါတယ်။ ဥပမာပြောရရင် C တို့၊ Pascal တို့ဟာ Procedural Languages တွေ ဖြစ်ပါတယ်။
Object-oriented: Class တွေ၊ Object တွေအဖြစ် ချိတ်ဆက်မှုတွေကို ရေးသားပြီးတော့ တွက်ချက်မှုတွေကို Object တွေပေါ်မှာပဲ လုပ်ဆောင်ပါတယ်။ လုပ်ဆောင်ချက် (Procedures) တွေထက် Data အပေါ်မှာ အာရုံပိုစိုက်ပြီးတော့ ဒီကနေ့ရဲ့ လက်တွေ့ ပြဿနာ အများစုကို ကိုင်တွယ်နိုင်ပါတယ်။ ဥပမာပြောရရင်တော့ အများကြီးပါပဲ။ Java, C++, Python စတာတွေဟာ Object-oriented Languages တွေ ဖြစ်ပါတယ်။