Stock

Stock Stock အကြောင်းတစ်ခြားစီးပွားရေး page များ?

19/06/2019
23/05/2019

စတော့ဈေးကွက် အခြေခံသဘောတရားများအား လေ့လာခြင်း

အကျဉ်းချုပ်

ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် စတော့ဈေးကွက်(Stock market) ဖြစ်ထွန်းပေါ်ပေါက် လာကြရစမြဲဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်နှင့် စီးပွားရေးအရ လွတ်လပ်သည့် ဈေးကွက်စီးပွားရေး စနစ်တကျပေါင်းစပ် ရုပ်လုံးဖော်ဆောင်မှုက စတင်ကာ စတော့ဈေးကွက်များ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့ ဈေးကွက်ပေါ်ထွန်းလာစေရန်၊ မူဝါဒများချမှတ်ထားမှု အပေါ် ကြိုတင်ပြင်ဆင်နိုင်စေရန်စတော့ ဈေးကွက်နှင့် ပတ်သက်သည့် အခြေခံသဘောတရားများအား ရေးသားပြုစုတင်ပြခြင်းဖြစ်ပါ သည်။

စတော့

၁။ စတော့ဆိုသည်မှာ အများပိုင်ကုမ္ပဏီများက လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံငွေ များပြားလာစေရန်အတွက် ကုမ္ပဏီ၏ လုပ်ငန်းအစိတ်အပိုင်းကို စတော့များအဖြစ် ထုတ်ရောင်း လိုက်ခြင်းဖြစ် သည်။ စတော့ကိုဝယ်ယူခြင်းအားဖြင့် ကုမ္ပဏီ၏ လုပ်ငန်းအစိတ်အပိုင်းကို ပိုင်ဆိုင်ပါသည်။ ၎င်းကုမ္ပဏီကနှစ်ချုပ်၍ အမြတ်ငွေရလျှင် စတော့ပိုင်ဆိုင်သူများကို ပိုင်ဆိုင်သည့် အချိုးကျခွဲဝေပေး ရပါသည်။

စတော့ဈေးကွက်

၂။ စတော့ဈေးကွက်ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်များ၊ စတော့များ၊ စတော့ငွေချေး စာချုပ်များ၊ အစိုးရငွေတိုက်စာချုပ် Bonds များနှင့် အခြားငွေချေးသက်သေခံလက်မှတ်များ အရောင်းအဝယ်ပုံမှန်ရှိသည့်နေရာ သို့မဟုတ် ရောင်းဝယ်သည့် စနစ်သည် စတော့ဈေးကွက်ပင် ဖြစ်ပါသည်။

စတော့ဈေးကွက်၏ရည်ရွယ်ချက်

၃။ စတော့ဈေးကွက်၏ရည်ရွယ်ချက်မှာ ကုမ္ပဏီများအတွက် လိုအပ်သည့် ကာလရှည်ငွေ ကြေးအရင်းအနှီးကိုရရှိစေရန်၊ ပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များရရှိ စေရန်၊ ကိုင်ဆောင်ထားသည့် စတော့ရှယ်ယာများအတွက် ငွေဖြစ်လွယ်မှု(Liquidity) ဖြစ်စေသည့် ဈေးကွက်ကို ဖန်တီးပေးရန်၊ လွတ်လပ်ပွင့်လင်းမျှတသည့် ဈေးကွက်တစ်ခုဖြစ်စေရန်အပြင် လူလတ်တန်းစား ပေါ်ပေါက်ရေးအတွက် မြေတောင်မြှောက်ပေးသော ဈေးကွက်တစ်ခုဖြစ်ပေါ်လာ စေရန်တို့ဖြစ်ပါသည်။

စတော့ဈေးကွက်၏သဘောသဘာဝများ

၎။ စတော့ဈေးကွက်ကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် အများပိုင်ကုမ္ပဏီများက ၎င်း တို့၏ရှယ်ယာများကို အများပြည်သူသို့ ဖိတ်ခေါ်ရောင်းချကြပါသည်။ စတော့ဈေးကွက်စည်း မျဉ်းအရ ထုတ်ဝေရောင်းချသည့် ကုမ္ပဏီ၏လုပ်ငန်းလမ်းညွှန်ရှင်းတမ်းများကို ကြိုတင်ဖြန့်ဝေ ရပါသည်။ စတော့ဈေးကွက်သဘောသည် နာမည်ကောင်းဖြင့်အောင်မြင်နေသည့် ကုမ္ပဏီ၏ စတော့များကို ဝယ်ယူထားခြင်းဖြင့် စီးပွားရေးလုပ်ငန်းပိုင်ရှင် တစ်ယောက် ဖြစ်လာနိုင်သည့် သဘောဖြစ်ပါသည်။ စတော့ဈေးနှုန်းသည် စတော့ဈေးကွက်တွင် နာမည်ရကုမ္ပဏီများက ၎င်းတို့ ၏ကုမ္ပဏီအကျိုးအမြတ်များများရရှိ အောင်ဆောင်ရွက်နိုင်သည့် အပေါ်မူတည်ခြင်းဖြစ်ပါသည်။ ကုမ္ပဏီ၏လုပ်ဆောင်မှု ကောင်းလျှင် အကျိုးခံစားခွင့်များစွာ ရရှိနိုင်သကဲ့သို့ စတော့ဈေးကွက်တွင် စတော့ဈေးနှုန်းများလည်း မြင့်တက်လာစေပြီး ကုမ္ပဏီ၏ လုပ်ဆောင်ချက်မကောင်းလျှင် အကျိုး ခံစားခွင့်များမရရှိနိုင်ဘဲ စတော့ဈေးကွက်တွင်လည်း စတော့ဈေးနှုန်းများကျဆင်းသွားတတ် ပါသည်။ ဈေးကွက်ကိုလေ့လာမည်ဆိုပါက အသိအကျွမ်းများ၊ အိမ်နီးနားချင်းများ၊ ရုပ်သံများမှ ဝေဖန်ရေးသမားများ၊ စာရေးဆရာများ၏စကားများကို နားမယောင်ရန်နှင့် အရေးကြီးဆုံး ဈေးကွက်အညွှန်းကိန်းများကို လေ့လာရန်လိုအပ်ပါသည်။

၅။ စတော့ဈေးကွက်၏သဘောသဘာဝကို ကျယ်ပြန့် နှံ့စပ်မှုမရှိဘဲ စတော့ဈေးကွက်အတွင်းသို့ ဝင်ရောက်မည်ဆိုလျှင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရတတ်ပါသည်။ စတော့ဈေးကွက်ကို ကြိုတင်လ့လာထားမှသာလျှင် စတော့များ အကျဘက်သို့ ရောက်နေသည့်ကာလ၌ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ပြီး အတက်ဘက်သို့ရောက်နေလျှင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါသည်။

ဈေးကစားခြင်းနှင့် စတော့ဈေးကွက်

၆။ ဈေးကစားခြင်း(Speculation) ဆိုသည့်အဓိပ္ပါယ်မှာ ကုန်စည်သို့မဟုတ် ငွေကြေး တစ်ရပ် သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်တစ်ခုခုကို ဈေးကွက်တွင် တန်ဖိုးပြောင်းလဲမည် ဟူသောမျှော်လင့်ချက်ဖြင့် ရောင်းဝယ်ခြင်းမျိုးကိုဆိုလိုသည်။ စီးပွားရေးပညာရှင်များ သည် မျှော်လင့်ချက်(၃) မျိုးဖြင့်ငွေကိုင်ဆောင်ထားကြသည်။

ပထမမျှော်လင့်ချက်မှာ ငွေချေးစာချုပ် များ၊ စတော့များ ဈေးကျသည့်အခါ ဝယ်ယူကိုင်ဆောင်ထားကြသည်။ ယင်းစတော့များ၊ ငွေချေး စာချုပ်များဈေးပြန်တက်မည်ဟု မျှော်လင့်ထားသောကြောင့်ဖြစ်သည်။
ဒုတိယ မျှော်လင့်ချက် အနေဖြင့် စတော့များ၊ ငွေချေးစာချုပ်များ ဈေးတက်နေချိန်တွင် ငွေသားကိုသာ ကိုင်ဆောင်ထားကြပြီး ငွေချေးစာချုပ်များ၊ စတော့များထိပ်ဆုံးရောက်ပြီး တစ်ချိန်တွင် ပြန်လည်ကျဆင်းမည်ဟုမျှာ်လင့်သောကြောင့်ဖြစ်သည်။ တတိယမျှော်လင့်ချက်အနေဖြင့် ငွေသား ကိုင်ဆောင်မှု ပမာဏ နှင့် အတိုးနှုန်း များပြန်ရသည့်အချိုးမှာ ပြောင်းပြန်အချိုး သက်ရောက်နေသဖြင့် ၎င်းတို့၏မျှော်လင့်ချက်သည် အတိုးများနှင့် ပြန်ရချက်များမြင့်မားလာမှုပင်ဖြစ်သည်။

စတော့ဈေးကွက်တွင်းရှိ အဓိကပါဝင်သည့်အခန်းကဏ္ဍများ

၇။ စတော့ဈေးကွက်အတွင်းတွင် အဓိကကျသည့် မဏ္ဍိုင်ကြီး(၃) ရပ်ရှိပြီး ၎င်းတို့မှာ-

(က) ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (Securities Exchange Commission-SEC)

(ခ) စတော့အိပ်ချိန်း (Stork Exchange)

(ဂ) ရင်းနှီးမြှုပ်နှံသူပြည်သူများ(Investors) တို့ဖြစ်ပါသည်။

ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (Securities Exchange Commission-SEC)

၈။ စတော့ဈေးကွက်ကို အဓိကထိန်းကျောင်းသည့် မဏ္ဍိုင် (၃) ခုအနက် ငွေချေးသက်သေခံ လက်မှတ်ကော်မရှင် (Securities Exchange Commission – SEC) သည် တစ်ခုအပါအဝင် ဖြစ်သည်။ ယင်းကော်မရှင်သည် ပြဋ္ဌာန်းထားသည့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးဥပဒေ (Securities Exchange Law) အရ စတော့ဈေးကွက်ကို အဓိကထိန်းကျာင်းရန်ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ အေဂျင်စီများအဖြစ် ရပ်တည်လေ့ရှိကြပါသည်။

၉။ ကော်မရှင်ကို စတော့ဈေးကွက်ကျွမ်းကျင်သူများ၊ ဥပဒေ ပညာရှင်များ၊ စာရင်းကိုင် ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ စုံစမ်းထောက်လှမ်းမှုကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထား ပါသည်။

၁၀။ ကော်မရှင်သည်စတော့ဈေးကွက်အတွင်းရှိ စတော့ဈေးနှုန်းများ မူမှန်မှုရှိမရှိစုံစမ်းခြင်း၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်တာများကို စုံစမ်းစစ်ဆေးခြင်း၊ ကုမ္ပဏီ ဒါရိုက်တာများနှင့် အဆင့်မြင့်အရာထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို စုံစမ်းထောက် လှမ်းခြင်း၊ ကုမ္ပဏီအတွင်းလူများမှတစ်ဆင့် ရှယ်ယာဈေး ကမောက်ကမဖြစ်စေရန် ဆောင်ရွက်မှု ရှိမရှိစစ်ဆေးခြင်း၊ ကုမ္ပဏီများပေါင်းစပ်ခြင်း၊ ဝယ်ယူခြင်းစသည့်လုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ရပါသည်။ စတော့ဈေးကွက်အတွင်းပေါ်ပေါက်နေသည့် သတင်းအချက်အလက်များအား အများပြည်သူသို့သိရှိရန် သတင်းထုတ်ပြန်ပေးခြင်း၊ ပြည်တွင်းပြည်ပစတော့ ဈေးကွက်အတွင်း ပေါ်ပေါက်နေသည့် သတင်းအချက်အလက်များ၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကိုလည်း အများပြည်သူသို့ထုတ်ပြန် ကြေညာပေးရန်တာဝန်ရှိပါ သည်။

၁၁။ လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များကို အခါအားလျော်စွာထုတ်ပြန်ပေးပြီး ထုတ်ပြန်ပေးထားသည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် စတော့ဈေးကွက်နှင့် လိုက်လျောညီထွေမှုရှိမရှိသုံးသပ်ခြင်း၊ နိုင်ငံတကာ စတော့ဈေးကွက်များနှင့် လိုက်လျောညီထွေမှုရှိမရှိသုံးသပ်ခြင်း၊ စတော့ရောင်းဝယ်ရေးနှင့် စာရင်းရှင်းလင်းရေးစနစ်များကို လိုအပ်သလိုပြင်ဆင်ဆောင်ရွက်ရပါသည်။ ဈေးကွက်အတွင်း ရောင်းဝယ်မှုများ၊ စာရင်းရှင်းလင်းမှုများ၊ ဈေးနှုန်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ခုံသမာဓိလူကြီးများအဖြစ်ဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း ပါဝင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် ဥပဒေအရသတ်မှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ပါက ကော်မရှင်အနေနှင့် လိုအပ်သလိုတရားစွဲခြင်း၊သတိပေး ခြင်း၊ အရေးယူခြင်းစသည်တို့ကို ဆောင်ရွက်ရပါသည်။

၁၂။ စတော့ဈေးကွက်ဖြစ်ထွန်းနေသော ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်နိုင်ငံ တို့အပြင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများ၏ ငွေကြေးသက်သေခံ လက်မှတ်ကော်မရှင်များတွင် တူညီသည့် ရည်ရွယ်ချက်များစွာ ရှိပါသည်။ ယင်းကော်မရှင်များ ၏တူညီသော ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူရင်းနှီးမြှုပ်နှံထားသူ အများပြည်သူ၏ အကျိုးကိုကာကွယ်ရန်နှင့် ပြည်သူလူထုမှ ငွေချေးသက်သေခံလက်မှတ်ဈေး ကွက်အား ယုံကြည်မှုရှိလာစေရန်၊
(ခ) ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တစ်ခုလုံးအား မျှတသော၊ ပွင့်လင်းသော၊ ထိရောက်သော ဈေးကွက်တစ်ခုဖြစ်လာစေရန်၊
(ဂ) ငွေချေးသက်သေခံလက်မှတ်များထုတ်ခြင်း၊ ရောင်းခြင်းများတွင် လျော်ကန်သော နည်းစနစ်များ ကျင့်သုံးခြင်းရှိမရှိ၊ ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေများကိုလိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိစောင့်ကြပ်စစ်ဆေးရန်၊
(ဃ) ငွေချေးသက်သေခံလက်မှတ်ဈေးကွက်အတွင်း ဆုံးရှုံးနိုင်ခြေရှိမှုများ (Risk) များ ကိုလျော့ချရန်၊
(င) နိုင်ငံတော်၏ဘဏ္ဍာရေးမူဝါဒများကို အထောက်အကူပြုရန်စသည်တို့ဖြစ်ပါသည်။

၁၃။ တူညီသည့်မျှော်မှန်းချက်များအနေဖြင့် နိုင်ငံတစ်ခု၏ ဈေးကွက်စီးပွားရေးစနစ်ကြီးတစ်ခု လုံးကိုအထောက်အပံ့ပေးနိုင်သည့် ကာလရှည်ဈေးကွက်တစ်ခု ပေါ်ထွန်းလာစေရန်၊ ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်သည့်စီးပွားရေးအသိုက်အဝန်းတစ်ခု ထူထောင်နိုင်ရန် နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်ပေါ်လာစေရန်တို့ဖြစ်ပါသည်။

စတော့အိပ်ချိန်း(Stock Exchange)

၁၄။ စတော့အိပ်ချိန်းသည် စတော့ဈေးကွက်တွင်ရှိသည့် ဈေးတစ်ခုပင်ဖြစ်သည်။ စတော့ အိပ်ချိန်းတွင် အရည်အချင်းပြည့်မီသော ကုမ္ပဏီလုပ်ငန်းများ၏ စတော့များ၊ သက်သေခံလက်မှတ်များ ရောင်းဝယ်မှုစနစ်နှင့် နည်းလမ်းများကိုပံ့ပိုးခြင်းဖြင့် စုစည်းဆောင်ရွက်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်းတို့အပြင် အစုရှယ်ယာအကျိုးအမြတ် Dividends များပေးဝေခြင်းကိုလည်း ဆောင်ရွက်ပေးပါသည်။ ထို့ကြောင့် စတော့အိပ်ချိန်းသည် စတော့ဈေးကွက်တစ်ခုလုံးရှိ စတော့များထဲမှ အရည်အသွေးပြည့်မီသော အများပိုင် ကုမ္ပဏီများ၏ စတော့များကိုသာ လဲလှယ်ရောင်းဝယ်ခြင်းဖြစ်သည်။

၁၅။ စတော့အိပ်ချိန်းအသီးသီးတွင် ကွဲပြားခြားနားနေသော ရောင်းဝယ်မှုနည်းစနစ်များကို အသုံးပြုလေ့ရှိပါသည်။ အသုံးအများဆုံးသောနည်းစနစ်မှာ လေလံရောင်းဝယ်မှုနည်းစနစ် (Auction System) ဖြစ်ပြီး စတော့ပွဲစားများထံမှ ရောက်ရှိလာသည့် အမှာလွှာများကို စတော့ အိပ်ချိန်းရှိ ရောင်းဝယ်မှုကျွမ်းကျင်သည့် ဝန်ထမ်းများကဆောင်ရွက်ကြပြီး ၎င်းတို့ကို Specialist များ သို့မဟုတ် ဈေးကွက်ဖန်တီးသူများ (Market-maker) ဟုခေါ်ဆိုနိုင်ပါသည်။ စတော့ပွဲစား ကုမ္ပဏီများထံမှပေးပို့လာသော အမှာစာများသည် စတော့အိပ်ချိန်းရှိ ဈေးကွက်ဖန်တီးသူများ၏ လက်ထဲသို့ ရောက်ရှိလာပြီး ရောင်းရန်အတွက်ရောက်ရှိလာသည့် အော်ဒါများကို ရောင်းရန်ဈေး နှုန်း (Asked Price) များနှင့် ဝယ်ယူရန်အတွက်ရောက်ရှိလာသည့် စတော့များကိုရောင်းရန် ဈေးနှုန်း (Bid Price) စတော့စာရင်းအတွင်း ထည့်သွင်းကြရပါသည်။ စတော့အိပ်ချိန်းတွင် လုပ်ငန်းကုမ္ပဏီအမျိုးမျိုး၏ ပြောင်းလဲနေသည့် စတော့ဈေးနှုန်းအတက်အကျများကို စက္ကန့်နှင့် အမျှ တိုက်ရိုက်ထုတ်ပြန်ပေးရပါသည်။

ရင်းနှီးမြှုပ်နှံသူပြည်သူများ (Investors)

၁၆။ စတော့ဈေးကွက်တစ်ခု အောင်မြင်စွာလည်ပတ်နိုင်စေရန် အဓိကအကျဆုံးသူများမှာ ရင်းနှီးမြှုပ်နှံသူများပင်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများတွင် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူနှင့် အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံသူများဖြစ်ကြသည်။ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ ဆိုရာတွင် ပင်စင်ရန်ပုံငွေအဖွဲ့များ၊ အကျိုးတူရန်ပုံငွေအဖွဲ့များ၊ ဘဏ်များ၊ ဌာနဆိုင်ရာသက်သာ ချောင်ချိရေးအဖွဲ့များ၊ ဘာသာရေးဂေါပကအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ စသည်တို့ပါဝင် ပါသည်။

၁၇။ စတော့ဈေးကွက်တွင် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက်လှုပ်ရှားတက်ကြွ စေရေးအတွက်အဓိကကျသည့်နေရာမှ ပါဝင်ဆောင်ရွက်သလို အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူ များသည်လည်း စတော့ထုတ်ဝေရောင်းချသည့် ကုမ္ပဏီများအတွက် အားကိုးအားထားပြုရာ အဖွဲ့များဖြစ်ပါသည်။ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူအများစုသည် စတော့ဈေးကွက်၏ ဆင့်ပွားဈေးကွက် (Secondary Market)၌ ဝင်ရောက်ရောင်းဝယ်ခြင်းမပြုဘဲ အမြတ်ဝေစု ရရှိရေး၊ အဖွဲ့ဝင်များ၏ ဝင်ငွေရရှိရေးအတွက်သာ အာရုံစူးစိုက်လေ့ ရှိပါသည်။ ၎င်းတို့သည် ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမည့် ငွေချေးသက်သေခံလက်မှတ်များအတွက် သုတေသနဌာနများ ဖွဲ့စည်းခြင်း၊ ပြင်ပသုတေသနအဖွဲ့များ ငှားရမ်းခြင်းများပြုလုပ်ပြီး အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဍာန်ကို ဖွဲ့စည်းလေ့ရှိပါသည်။ စတော့ဈေးကွက်ကို တည်ငြိမ်စေရေးအတွက် အဖွဲ့အစည်း အလိုက်ရင်းနှီးမြှုပ်နှံသူများက အဓိကနေရာမှ ပါဝင်လျက်ရှိပါသည်။

ဝယ်ယူသူတို့၏တာဝန်

၁၈။ ဝယ်ယူသူတို့၏အဓိကတာဝန်မှာ မဝယ်ယူမီ စတော့ပွဲစား ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ အကြံဉာဏ်ကိုရယူရန်နှင့် သုတေသနအဖွဲ့များမှထုတ်ပြန်သော အချက် အလက်များကို စနစ်တကျလေ့လာဖတ်ရှုရန်ဖြစ်သည်။ စည်းမျဉ်းထိန်းကျောင်းသူ၏ ကြိုတင် သတင်းရမှုကို အခွင့်ကောင်းယူကာ ရောင်းဝယ်မှု (Insider Trading)များကို ထောက်လှမ်းရန်၊ ကောလာဟလထုတ်လွှင့်သူများ၊ အလံရူးများ၏ ရန်ကိုကာကွယ်ရန် ပြင်ပသတင်း အချက်အလက်များကို စုံစမ်းရန်ဖြစ်ပါသည်။ စတော့ရှယ်ယာ၏ ဈေးအတက်အကျ ဆိုသည်မှာ ကုမ္ပဏီ၏ Fundamental အချက်အလက်များပေါ်တွင် အများကြီးမူတည်နေပါသည်။ ရှယ်ယာတစ်ခုကို မဝယ်ခင်တွင် ကုမ္ပဏီ၏ Performance ကိုသေချာ Valuation လုပ်ဖို့လိုပါသည်။ နည်းပညာ များကအရေးပါသလို သူများရောင်းလျှင်လိုက်ရောင်းပြီး သူများ ဝယ်လျှင်လိုက်ဝယ်သည့် အများ နောက်လိုက်မဖြစ်စေရန်နှင့် Emotion မဖြစ်ရန် အရေးကြီးပါသည်။

ရင်းနှီးမြှုပ်နှံမှု၏ မဟာဗျူဟာများ

၁၉။ ငွေကြေးတစ်ရပ်ကို တိုးပွားအောင်ပြုလုပ်လိုသူ အားလုံးသည် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာမျိုးစုံကို ရွေးချယ်ကျင့်သုံးတတ်ရန်လိုအပ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာဆိုသည်မှာ ရင်းနှီး မြှုပ်နှံမှုပြုရန်အတွက် ကြိုတင်ချမှတ်ထားသည့် စည်းမျဉ်းနှင့်လုပ်ငန်းစဉ်တစ်ရပ် ကိုခေါ်ဆိုခြင်း ဖြစ်ပြီး မိမိပြန်ရနှုန်းနှင့် ခံနိုင်ရည်ရှိသည့် ဆုံးရှုံးနိုင်ချေ (Risk) တို့ကို သတ်မှတ်ကာ မည်သည်ကို စတင်ဝယ်ယူသင့်သည်အား ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်ပါသည်။

၂၀။ စတော့များသည် စွန့်စားမှုများဖြင့် ရင်းနှီးမြှုပ်နှံနေရပြီး စွန့်စားမှုများလေ အကျိုးခံစား ခွင့်ကြီးမားလေဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စွန့်စားမှုဖြစ်လာလျှင် ခံနိုင်ရည်ရှိမရှိ မိမိကိုယ်တိုင်ဆုံးဖြတ်ကြရမည်ဖြစ်ပါသည်။ အခြေခံအားဖြင့် စတော့တစ်ခုကို ဈေးတက်နေသည့် အချိန်တွင်ဝယ်ယူ၍ ဈေးပြန်မကျမီ ပြန်ထုတ်ရောင်းရမည်ဆိုသည်မှာ သာမန်အားဖြင့်သိရှိနိုင်ပါ သည်။

၂၁။ လူအသိအများဆုံးမဟာဗျူဟာတစ်ခုမှာ Buy and Hold ဝယ်ယူပြီးကိုင်ဆောင်ထား သည့်ဗျူဟာဖြစ်သည်။ ဗျူဟာအရ မည်သည့်စတော့များသည် မိမိရွေးချယ်သည့်ဆုံးရှုံးမှု (Risk) နှင့်ကိုက်ညီသည်။ မည်သည့်စတော့က ထူးခြားသည့် တိုးတက်မှု ရရှိနိုင်သည်ကို ရွေးချယ်ရန် လိုအပ်ပါသည်။ တန်ဖိုးတက် စတော့များကို ကြိုက်နှစ်သက်သူများအနေနှင့် ဤနည်းစနစ်အား ကျင့်သုံးလေ့ရှိပါသည်။ ဤစနစ်ကိုကျင့်သုံးသူတို့သည် ရှယ်ယာများကို ထပ်တလဲလဲဝယ်ယူခြင်း၊ ရရှိသည့်အမြတ်ဝေစုကို ရှယ်ယာများထပ်မံဝယ်ယူခြင်းများ ပြုလုပ်ပြီး ခွဲခြမ်းစိတ်ဖြာသည့်စနစ် အားကျင့်သုံး၍ အတက်အကျ မြန်ဆန်သည့်သံသရာကို ရှောင်ရှားလေ့ရှိပါသည်။

၂၂။ ဒုတိယအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတစ်ခုမှာ ခွဲခြမ်းစိတ်ဖြာရင်းနှီးခြင်း (Diversification) ဖြစ်ပါသည်။ ယင်းဗျူဟာအရ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် မိမိ၏ရင်းနှီးငွေ ကို စတော့အမျိုးအစားတစ်ခုတည်းတွင် ပုံအောရင်းနှီးခြင်းမပြုကြပါ။ ဤသို့ ပုံအောခြင်းသည် စွန့်စားမှု(Risk)အလွန်များသည့် ကိစ္စဖြစ်ပါသည်။ သို့အတွက် ရင်းနှီးငွေကို စတော့အမျိုးမျိုးနှင့် အခြားသောရင်းနှီးမြှုပ်နှံမှုများတွင် ခွဲခြမ်းကာထည့်ဝင်ရင်းနှီးပြီး စွန့်စားမှု (Risk)များကိုဖြန့် ကျက်ရပါသည်။ ထို့ကြောင့် စတော့ဈေးကွက်တွင် အတက်အကျသံသရာများရှိနေခြင်းနှင့် နိုင်ငံ ၏စီးပွားရေးမတည်ငြိမ်သည့်တိုင်အောင် ကိုင်ဆောင်ထားသည့် စတော့အစုကို ထိခိုက်စေမည် မဟုတ်ပါ။

၂၃။ အကယ်၍ရွေးချယ်ဝယ်ယူထားသည့် စတော့များသည် စီးပွားရေးကဏ္ဍတစ်ခုတည်းက ဖြစ်မည်ဆိုလျှင် ရွေးချယ်ထားသည့်ကဏ္ဍတစ်ခု စီးပွားရေးကျဆင်းသည်နှင့် ကိုင်ဆောင်ထား သည့် စတော့များအားလုံးဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်ပါသည်။ သို့ပါ၍ ကုမ္ပဏီအမျိုးအစားမတူညီ သည့်စတော့များကို အမှန်တကယ်ခွဲခြမ်းစိတ်ဖြာ ဝယ်ယူရင်းနှီးနိုင်မှသာ စတော့ကိုင်ဆောင်သူ အနေနှင့် စီးပွားရေးဂယက်တစ်ခုကျရောက်တိုင်း စတော့တစ်ခုလုံးကို ထိခိုက်မှုသက်သာစေမည် ဖြစ်ပါသည်။ စီးပွားရေးဂယက်တစ်ခု၏ သက်ရောက်မှုတိုင်းသည် ပြောင်းလဲအကျိုး သက်ရောက် နိုင်သည့် ရွေးချယ်မှုဖြစ်ရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင်စတော့ဈေးကွက်ဖြစ်ပေါ်လာစေရန် အစိုးရ၏ဆောင်ရွက်ချက်များ

၂၄။ မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်းဈေးကွက်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင် ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်နေပါသည်။ စတော့ဈေးကွက်ဖြစ်ပေါ်လာစေရန် ရည်ရွယ် ၍ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၀ ဖြင့်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာ မှ နည်းဥပဒေများကို လေ့လာပြီး မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော လုပ်ထုံးလုပ်နည်း ပေါင်း ၂၀၀ ကျော်ပါဝင်သည့် နည်းဥပဒေကို ရေးဆွဲထားပါသည်။ အစုရှယ်ယာဆိုင်ရာကော်မရှင် ကိုလည်းဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။ ရန်ကုန်စတော့ဈေးကွက် ဖွင့်လှစ်ရေးအတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါစတော့ရှယ်ယာအုပ်စု၏ သုတေသနဌာန DIWA Research Institute နှင့်ဂျပန်စတော့အိပ်ချိန်းတို့ပူးပေါင်းပြီး Joint Venture စနစ်ဖြင့်ဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ရန်ကုန်စတော့ဈေးကွက် ဖက်စပ်ကုမ္ပဏီ၏ ၅၁ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေးဘဏ်က ပိုင်ဆိုင်မှာဖြစ်ပြီး၊ ကျန်သည့် ၄၉ ရာခိုင်နှုန်းကို ဂျပန် စတော့ရှယ်ယာကပိုင်ဆိုင်မည်ဖြစ်ပါ သည်။ ငွေချေး သက်သေခံလက်မှတ် ကော်မရှင် SEC ရုံးကို ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နေရာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

နိုင်ငံတကာ၏ဆောင်ရွက်နေမှုများ

၂၅။ နိုင်ငံတကာတွင် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများက စတော့အိပ်ချိန်းတွင်စာရင်းဝင်ကြရသည်။ နိုင်ငံခြား စတော့ဈေးကွက်တွင် စတော့ရှယ်ယာများကို အများပြည်သူသို့ ရောင်းချရာ၌ သုတေသနအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ တာဝန်ခံဖြန့်ချိရောင်းချသူ၊ တွဲဖက်တာဝန် ခံရောင်းချသူ စသည့်အဆင့်ပေါင်းများစွာကို ဖြတ်သန်းကြရသည်။

၂၆။ ဗီယက်နမ်နိုင်ငံသည် စတော့ဈေးကွက်ကို ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စတော့အိတ်ချိန်းစင်တာကို ဟိုချီမင်းမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းဈေးကွက်တွင် နိုင်ငံခြားသားများကို ပါဝင်ရင်းနှီးခွင့်ပေးခြင်းကြောင့် ဖက်စပ်ကုမ္ပဏီများ၏ စတော့ရှယ်ယာဈေးနှုန်း တန်ဖိုးများ မြင့်တက်သွားပြီး ပြည်တွင်းတိုင်းရင်းသားများ လုပ်ကိုင်သော ကုမ္ပဏီများက နောက်ကျကျန်နေခဲ့သည်ကို ဗီယက်နမ်နိုင်ငံ၏ အတွေ့အကြုံများအရတွေ့ရှိရပါသည်။

၂၇။ အမေရိကန်နိုင်ငံ၏ စီးပွားရေးဆောင်ရွက်မှုတွင် စတော့ဈေးကွက်များသည် အရေးကြီး သည့်အချက်တစ်ခု ဖြစ်ပါသည်။ စတော့ဈေးကွက်များမှ စတော့များကို ရောင်းချခြင်းဖြင့် ကုမ္ပဏီ များ၏ငွေကြေးလည်ပတ်မှုများ ကျယ်ပြန့်လာပါသည်။ စတော့ဈေးကွက်မရှိလျှင် နိုင်ငံတကာ ကုမ္ပဏီများကဲ့သို့ အမေရိကန်နိုင်ငံရှိ ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုသည်လည်း တဖြည်း ဖြည်းလျော့ နည်းလာနိုင်ပါသည်။ စတော့ဈေးကွက် ရှိခြင်းကြောင့် ကုမ္ပဏီများ၏ငွေကြေးများ မြင့်တက်လာပြီး စတော့ဈေးကွက် ယှဉ်ပြိုင်မှုနှင့် နိုင်ငံတကာ၏ ကုမ္ပဏီများယှဉ်ပြိုင်မှုတွင် တိုးတက်မှုများရှိလာပါသည်။ အမေရိကန်လူမျိုး ပင်စင်စားအများစုသည် ၎င်းတို့၏ငွေကြေးများ ကိုဘဏ်တွင်အပ်နှံခြင်းထက် စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဝင်ငွေပိုမိုရရှိကြပါ သည်။

စတော့အိပ်ချိန်းမှရရှိသည့်ကောင်းကျိုးများ

၂၈။ စတော့အိပ်ချိန်း (Stock Exchange) ကိုဖွဲ့စည်းတည်ထောင် ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါသည် -

(က) အများပိုင်ကုမ္ပဏီများဖွဲ့စည်း၍ အများပြည်သူသို့ စတော့ရှယ်ယာများ ထုတ်ဝေ ရောင်းချခြင်းအားဖြင့် ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် လိုအပ်သောအရင်းအနှီး များကို အကုန်အကျသက်သာစွာရရှိနိုင်ခြင်း၊

(ခ) အများပိုင်ကုမ္ပဏီများမှရရှိလာသော အရင်းအနှီးများဖြင့် လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ကြရာ ပြည်သူလူထုအတွင်း အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက် လာခြင်း၊

(ဂ) ပြည်သူလူထုအတွင်း၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ပေါ်ပေါက်လာစေခြင်း၊

(ဃ) ပင်စင်စားများနှင့်သင့်လျော်သော ဈေးကွက်အရင်းအနှီး နည်းပါးသူများနှင့် သင့်လျော်သော ဈေးကွက်များလည်း အသီးသီးရှိခြင်း၊

(င) ပြည်သူလူထုအနေဖြင့် ဈေးကွက်အသီးသီးဝင်ရောက် ရင်းနှီးမြှုပ်နှံလာမှုကြောင့် ငွေကြေးဖောင်းပွမှုများကို လျော့ကျစေခြင်း၊

(စ) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ ရှယ်ယာများကို ဈေးကွက်အတွင်းထုတ်ဝေ ရောင်းချခြင်းအားဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် လိုအပ်သောအရင်းအနှီးကို ပြည်သူလူထုထံမှ လွယ်ကူစွာရရှိနိုင်ခြင်း၊

(ဆ) နိုင်ငံတော်အစိုးရအနေဖြင့် အခွန်ငွေတိုးပွားလာမည်ဖြစ်၍ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်ပါသည်။

စတော့အိပ်ချိန်းမှရရှိသည့် ဆိုးကျိုးများ

၂၉။ စတော့ဈေးကွက်များတွင်လည်း ဆိုးကျိုးများရှိပါသည်။ စတော့ဈေးကွက်များသည် တစ်ခဏတာအောင်မြင်မှုအတွက် အချက်တစ်ခုတော့မဟုတ်ပါ။ ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံ ခြင်းအားဖြင့် ငွေကြေးအမြောက်အမြားရရှိနိုင်သော်လည်း များပြားလှသောစုံစမ်းမှုများ၊ အချိန် များ၊ ငွေကြေးများကို များစွာသော ကုမ္ပဏီစတော့များတွင် ရှယ်ယာထည့်ထားရပါမည်။ မိမိဝယ် ယူထားသောစတော့များ ဈေးကောင်းနေချိန်တွင် အကျိုးအမြတ်များစွာရရှိနိုင်သော်လည်း ဈေး ကျနေချိန်တွင်တော့ ငွေကြေးအရှုံးနှင့်ရင်ဆိုင်ရနိုင်ပါသည်။ အချိန်အကြာကြီး စတော့ဈေးကွက် များကို ဘယ်လိုပင်လုပ်ဆောင်နေသော်လည်း အရှုံးနှင့်ရင်ဆိုင်ရနိုင်ပါသည်။ ကုမ္ပဏီများဒေဝါလီ ခံပြီးနောက် ရှယ်ယာဈေးနှုန်းများကျဆင်းလာချိန် (သို့) စတော့များကို စတင်ဝယ်ယူသည့် ဈေးနှုန်းနှင့် ရောင်းချသည့်ဈေးနှုန်းများ ကွာဟနေချိန်တို့တွင် အရှုံးနှင့်ရင်ဆိုင်ရနိုင်ပါသည်။

နိဂုံး

၃၀။ စတော့အိတ်ချိန်းများသည် နိုင်ငံတစ်နိုင်ငံတွင်ရှိသင့်ပြီး နိုင်ငံတော်အစိုးရနှင့် အများပြည် သူတို့အတွက် လွန်စွာအကျိုးများစေပါသည်။ ရောင်းခြင်း၊ ဝယ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် ဆုံးရှုံးနစ်နာနိုင်ခြေများကို ကာကွယ်နိုင်ပါသည်။ ထို့အပြင်စတော့ဈေးကွက်သည် ငွေဖြစ် လွယ်မှု၊ ဈေးကွက်မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း များစွာအကျိုးပြုနိုင်ပါ သည်။ ပုဂ္ဂလိကပြောင်းလဲမှုများနှင့် ပုဂ္ဂလိကမှ အရင်းအမြစ်ဈေးကွက်များကို စီမံခန့်ခွဲနိုင်ပြီး ယှဉ်ပြိုင်မှုများကို အားပေးပြီး ရောင်းလိုအား၊ ဝယ်လိုအားဈေးကွက် ရှယ်ယာတစ်ခုအဖြစ် ထိန်း ချုပ်ထားနိုင်ပါသည်။

သုံးသပ်ချက်

၃၁။ မြန်မာနိုင်ငံသည် ယခုအခါ ပြောင်းလဲကျင့်သုံးလာသည့် ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ စတော့ရှယ်ယာဈေးကွက်သည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်မှုကို အထောက်အကူ ပြုနိုင်ပါသည်။ စတော့ရှယ် ယာဈေးကွက်ဖြစ်ပေါ်လာပါက စီးပွားရေး လုပ်ငန်းများတွင် ရေရှည်လိုအပ်သည့် ငွေကြေး အရင်းအနှီးများ စုစည်းရယူနိုင်ခြင်း၊ ငွေချေးသက်သေခံ လက်မှတ် ဈေးကွက်ပေါ်ထွန်းလာစေခြင်း၊ အများပြည်သူများ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာ စေရန်အားပေးခြင်းဖြင့် နိုင်ငံတော် ၏ငွေကြေးဆိုင်ရာမူဝါဒများကို အထောက်အကူ ပြုနိုင်ခြင်း၊ လုပ်သားများအတွက်အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်း၊ တိုင်းပြည်၏ ထုတ်ကုန်တိုးတက်လာခြင်း၊ လူနေမှုအဆင့် အတန်းပိုမိုမြင့်မားခြင်း စသည့်အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဟု သုံးသပ်ရပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များ အား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင် ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

Source: ပြည်သူ့လွှတ်တော်ဝက်ဆိုဒ် [http://www.pyithuhluttaw.gov.mm/]

http://www.pyithuhluttaw.gov.mm/?q=content/%E1%80%85%E1%80%B1%E1%80%90%E1%80%AC%E1%80%B7%E1%80%B1%E1%80%88%E1%80%B8%E1%80%80%E1%80%BC%E1%80%80%E1%80%B9%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%B1%E1%80%9C%E1%80%B7%E1%80%9C%E1%80%AC%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8

29/10/2018

ငွေလုံးငွေရင်းလက်ထဲမရှိသေးလို့ စတော့ရှယ်ယာရင်းနှီးမြှုပ်နှံမှုက
ကိုယ်နဲ့မဆိုင်သေးဘူးလို့ သတ်မှတ်ထားသလား မိတ်ဆွေ?

ဘယ်ဟုတ်ပါ့မလဲ. . .စတော့ရှယ်ယာရဲ့ သဘောကိုက ဘယ်သူမဆို
ဝင်ပြီး ရင်းနှီးမြှုပ်နှံနိုင်တာမို့ အရင်းအနှီးများများကို တစ်ခါတည်း
ထည့်လိုက်တာမျိုးမဟုတ်ဘဲ မိတ်ဆွေမှာ ဆန္ဒရှိမယ်ဆိုရင် ရှယ်ယာတစ်ခုစနှစ်ခုစ ဝယ်ယူပြီး စတော့ဈေးကွက်ရဲ့ သဘောသဘာဝကို လေ့လာသင်ယူလို့ရပါတယ်။

ခြေလှမ်းကျဲကြီးတွေထက် ဖြည်းဖြည်းနဲ့ မှန်မှန်သွားနိုင်တဲ့ ခရီးက
မိတ်ဆွေရဲ့ ရည်ရွယ်ချက်တွေအတွက် အကောင်းဆုံးရွေးချယ်မှုမို့
အချိန်မဆိုင်းဘဲ အမြန်ဆုံးစတင်ပါ မိတ်ဆွေ။

Address

82 Street , 42nd * 43rd (Between)
Mandalay

Website

Alerts

Be the first to know and let us send you an email when Stock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share