27/02/2024
ကလေးပျောက်
(တင်ဖူးတယ်၊ edit လုပ်ပြီး ပြန်တင်တယ်)
ကလေးပျောက်တာ၊ ပြန်ပေးဆွဲခံရတာနဲ့ ပတ်သက်ပြီး ဖတ်မိတာလေးတွေ ပြန်တင်ပေးလိုက်တယ်။ ကမ္ဘာမှာ ခဏတိုင်း ကလေးတွေ ပျောက်နေကြတယ်။ ငါ့သားသမီးမှ မဖြစ်ဘူး မတွေးပါနဲ့
၁- Child ID kit လုပ်ထားပါ။ (ပုံမှာ ပြထားတယ်) ကလေး နာမည်၊ အသက်၊ အလေးချိန်၊ ထင်ရှား အမှတ်အသား၊ ကွာလတီကောင်းတဲ့ ဓာတ်ပုံ၊ လက်ဗွေ စတာတွေနဲ့ အရေးပေါ်ဆက်ရမယ့် ဖုံးဘာညာ အကုန်မှတ်တမ်းတင်ထား။ ကလေးပျောက်ခဲ့ရင် အသုံး အင်မတန်ဝင်တယ်။ လုပ်ပြီး လုံခြုံရာမှာ သိမ်းထားပါ။ ခြောက်လတကြိမ် အသစ် ထပ်လုပ်ပါ
၂- ကလေးကို ကြိုသင်ပါ။ အပြင်သွားရင် ဖေဖေမေမေကလွဲပြီး ဘယ်သူ့ ပေးတာမှ မယူဖို့၊ လူစိမ်းတွေနဲ့ စကားမပြောဖို့၊ ဖေဖေမေမေ ကိုမျက်စိအောက်က မခွါဖို့ စတာတွေ သင်ပေးထားပါ။ ကလေးတယောက်ထဲ အိမ်မှာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။ ကလေးကို သူ့နာမည်၊ မိဘ ဖုံး၊ နေရပ် ပြောတတ်အောင် သင်ပေးပါ
၃- အပြင်သွားရင် သွားကာနီး ဓာတ်ပုံ တချက်ရိုက်ပါ။ ရုတ်တရက်ပျောက်ရင် အင်္ကျီဘောင်းဘီ ပြပြီး ရှာရ လွယ်တယ်။ ထင်ရှားတဲ့ ကာလာ ရှိတဲ့ အင်္ကျီမျိုးရွေးပါ၊ လက်မှာ ယာယီ တက်တူး သဘောမျိုး ဖုံးနံပါတ်ရေးပေးပါ။ GPS ပါတဲ့ လည်ဆွဲ၊ နာရီ ဆွဲပေးထားလည်း ကောင်းတယ်
၄- ကလေးပျောက်ရင် (အိမ်မှာ ဆိုရင်)ရေကန်၊ ဘီရို၊ သေတ္တာ၊ ပုန်းစရာတွေလည်း မမေ့နဲ့။ အဲဒီထဲ ပုန်းရင်း ချက်ကျနေတတ်တယ်။ အပြင်မှာဆို သူတို့ စိတ်ဝင်စားစရာ နေရာတွေ ကြည့်ဦး။ မမေ့ဖို့က ပထမပိုင်း အချိန်တွေက အရေးအကြီးဆုံးပဲ၊ ကလေးပျောက် ၇၀% ကျော်က ပြန်ပေးဆွဲပြီး ၃ နာရီအတွင်း အသတ်ခံရတယ်
၅- ကလေးပြန်ပေးဆွဲသူ သုံးမျိုးရှိတယ်။ မိသားစုဝင်က လုပ်တာ (အိမ်ထောင်ကွဲ မိဘလိုမျိုး၊ ၄၉%ရှိတယ်) ၊ အသိက ဆွဲတာ (၂၆%)၊ တစိမ်းကဆွဲတာ (၂၄%) ရှိတယ်
ကိုယ့်ကလေး ပျောက်ခဲ့ရင် ဘာလုပ်မလဲ
- စိတ်အေးအေးထားပါ၊ ပျာယာခတ်နေရင် မစဉ်းစားနိုင်ဖြစ်တတ်တယ်
- တာဝန်ရှိသူကို အကြောင်းကြားပါ၊ ရဲ၊ အုပ်မှူး၊ ရပ်ကွက်လူကြီးပေါ့၊ ကလေး အသက်၊ ပုံပမ်း၊ နာမည်၊ ထင်ရှားတဲ့ အမှတ်အသား (အပေါ်က child ID kid) ပျောက်စဉ် ဝတ်ထားတဲ့အဝတ် အကုန် ပေးပါ
- အနီးတဝိုက်ရှာပါ၊ ပန်းခြံ၊ ကစားကွင်း၊
- အကူအညီတောင်းပါ၊ အနီးတဝိုက်၊ အိမ်နီးချင်း၊ အနားက ဆိုင်တွေ၊ ကားဂိတ်၊
- အမျိုးတွေ၊ မိတ်ဆွေတွေနဲ့ ချိတ်ဆက်ပါ၊ ရှာဖွေမှုကို ချဲ့ပါ
- နည်းပညာသုံးပါ၊ အွန်လိုင်းကကြေညာတာ၊ ဓာတ်ပုံလိုက်ဝေတာ၊
- မျော်လင့်ချက်ကို လက်မလွှတ်ပါနဲ့
Crd...