11/01/2021
ဆရာလည်းမမှားဘူး
ကျောင်းသားလည်းမမှားဘူး
မှားနေတာက ဒီစနစ်ကို
မပြင်နိုင်သေးတဲ့သူတွေ
#မင်းမခ
မြန်မာတစ်နိုင်ငံလုံး ပထမ ရသွားတဲ့
ကလေးက ပေးတဲ့ သင်ခန်းစာ..!!
~~~~~~~~~~~~~~~~~
'' ခုနက စင်ပေါ်စကားတက်ပြောတဲ့ မောင်လေး မဟုတ်လား . . ."
'' ဟုတ်ကဲ့ပါအစ်မ ''
'' တစ်နိုင်ငံလုံးမှာ Firstရထားတဲ့သူ ဆိုတော့ မောင်လေးစကားက သူတို့ အတွက် သိပ်အရေးပါတယ်...
မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့ ခံစားရလိမ့်မယ်...''
'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''
''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့ ပြောတယ်
လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက် ဂိတ်တံခါးလိုဖြစ်နေတယ်...
အများစုဟာ ဆယ်တန်းစာကို အမှန်တကယ်တတ်မြောက်ဖို့ ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ကြိုးစားနေကြတယ်
အရှိတရားဟာ အမှတ်ကောင်းမှ
လိုင်းကောင်းရမှာ ...
ဒါကြောင့် လိုင်းကောင်းရဖို့ အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ...
မောင်လေးလည်း ဒီပညာရေးစနစ်နဲ့ firstဖြစ်လာခဲ့တာကိုး...
ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း firstဖြစ်ချင်မှ ဖြစ်မှာ''
''ကျနော် firstရခဲ့တယ်... ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့ အဓိပ္ပာယ်မရသလို ကျနော် အအောင်မြင်ဆုံးပါလို့လည်း အဓိပ္ပာယ်မရဘူး...
ဖြေပြီးခဲ့တဲ့အထိတော့ Firstရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာပဲ...
နောက်တော့မှ ကျနော်တွေးဖြစ်လာတာက... Firstရတော့ ဘာဖြစ်သလဲဆိုတာပဲ
လူသိများလာတယ်... ဒါဟာ popularပါ... Successမဟုတ်ဘူး
ခက်ဆစ်တွေ ၏သည်၍ မလွဲကျက်ခဲ့မိတယ်... ပြောရမယ်ဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်...
ကျနော်ဆရာဝန်မဖြစ်ချင်ဘူး
အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ...
ကျနော့်ဝါသနာကို ကျနော်သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressureအောက်မှာ ပြင်ပစာပေကို အာရုံစိုက်ခွင့်မရဘူး... ကျနော့်သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
သူက guitorတအားတီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့...
သူက ဒီတက္ကသိုလ်ဝင်တန်းကို
သူ့ဝါသနာနောက်သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ....
သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...
တျာချင်းဖြစ်ကြောင်း ဝန်ကြီးပဒေသရာဇာရေးကြောင်း ထန်းတက်သမားမိသားစုရဲ့ဘဝကို သရုပ်ဖော်ခြင်းဖြစ်ကြောင်း စာထဲကပါတဲ့အတိုင်း သူ့ကို ပြောပြမိတယ်...
သူက ခေါင်းခါပြပြီး ငါမေးတာအဲ့လိုမဟုတ်ဘူးတဲ့
ခေတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် သူတို့ခေတ်မှာလည်း entertainment သဘောလေးတွေရှိသတဲ့ဗျာ
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ
မျိုးဖြစ်နိုင်တယ်တဲ့...
အင်မတန်ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ်အတိပဲ... ဒီလိုအချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက်သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့
ဟုတ်တယ် ဒါကဗျာ ဒါအနုပညာ
ဒါဟာစာသက်သက်မဟုတ်ဘူး
ကျက်မှတ်ဖို့မဟုတ်ဘူး ဒါဟာခံစားဖို့
The whole burma firstရမယ့်သူက မသိခဲ့ဘူး... ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်....
သူစာလေ့လာခဲ့တယ်
သူလေ့လာသမျှဟာ စာမေးပွဲမှာ
အမှတ်ကောင်းဖို့ ရည်ရွယ်ပုံမရဘူး
အနုပညာကိုအနုပညာလိုခံစားဖို့လို့
သူကတွေးတယ်...
စာမေးပွဲကမေးတာကို ကျနော်ဖြေနိုင်ခဲ့တယ်...
ဝန်ကြီးပဒေသရာဇာပေးတာကို ကျနော်လုံးဝမရခဲ့ဘူး
အစ်မ... ဆယ်တန်းသင်ရိုးဟာ ကျနော်တို့ကို စာမေးပွဲဖြေဖို့တစ်ခု တည်းရည်ရွယ်ထားတာမဟုတ်ဘူး
တချို့စာတွေဟာ အနုပညာ
တချို့ စာတွေဟာ အကြံပြုစာ
တချို့စာတွေဟာ ဆွေးနွေးတဲ့စာ...
ဟင်း.. ကျနော်တို့ကတော့ဘာလာလာကျက်စာပဲ...
ဆရာကြီးမဟာဆွေရေးတဲ့
''မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်း''ဟာ ကျက်ဖို့ မဟုတ်ဘူး... မကြောက်တရား ဆောင်းပါးတွေကို
သူ့အမြင်သူ့ရှုထောင့်တွေနဲ့ မျှဝေခဲ့တဲ့ ဆရာကြီးမဟာဆွေခေါ် နေသူရိန် ကလောင်ရှင်ဟာ သူ့စာတွေကို ကျက်ဖြေစေဖို့ ရည်ရွယ်ခဲ့တာမဟုတ် ဘူး...
ကဗျာကို အလွတ်ရအောင်ကျက်တိုင်း
ကဗျာကိုချစ်ပါတယ်လို့ အဓိပ္ပာယ်မရ ဘူး... ဝန်ခံရရင် ဂစ်တာသမားလေးကို ကျနော် သိပ်အားကျတာ....
သူက ယူသလောက်ရခဲ့တဲ့ကောင်...
သူက leisureကဗျာလေးနဲ့ feelခံတတ်တယ်...
ကျနော့်မှာတော့ ကဗျာသာ အလွတ်ရခဲ့တာ ကဗျာရဲ့ အဓိပ္ပာယ်ကို နှလုံးသားက မခံစားတတ်ခဲ့ဘူး
''What is this life if full of care
we have no time to stand and stare''တဲ့...
အဲ့ကဗျာကို မရပ်မနားကျက်ခဲ့တယ်
အခုတော့ ရယ်မိတယ်သိလား
relaxယူသင့်ကြောင်းပြတဲ့ကဗျာလေးကို မောပန်းစွာကျက်မိခဲ့တဲ့အဖြစ်ကို ရယ်ချင်နေမိတယ်...''
''ဒီလိုလုပ်ခဲ့လို့ ဒီလို firstဖြစ်နေတာ မဟုတ်ဘူးလား''
''အစ်မ သုတစွယ်စုံတွေဖတ်ဖြစ်လားမသိဘူး မောင်သိန်းလွင် ဘာသာပြန်တဲ့ Believe it or not ယုံချင်ယုံ မယုံချင်နေထဲမှာလည်း ပါလေ့ရှိပါတယ်
ကမ္ဘာ့ လက်သည်းအရှည်ဆုံး လူသားတဲ့ ...
ဂင်းနစ်မှတ်တမ်းဝင်ထားတယ်... လက်သည်းကြီးတွေက
တွန့်လိမ်ရှည်လျှားနေတယ်... ဂင်းနစ်ဝင်ချင်တာတစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့သူတွေ...
သူတို့ကတော့ ကြံဖန် ဂုဏ်ယူကြတာပေါ့... တစ်ကမ္ဘာလုံးမှာ ငါလက်သည်းအရှည်ဆုံးဆိုပြီး...
အစ်မတွေးကြည့်...
နေ့စဉ်နေထိုင်ရှင်သန်မှုမှာ ဒီသောက်ရေးမပါတဲ့ လက်သည်းရှည်ကြီးတွေက ဘယ်လောက်အနှောက်အယှက် ပေးနေမလဲ... ရိုးရိုးသားသားဖြေကြည့်ပါ
ကြည့်လို့ ရောတင့်တယ်ရဲ့လား...
နောက်ပြီး ဘယ်သူ့အတွက် အကျိုး ရှိလဲ...
ဇွဲရှိတယ် စိတ်ရှည်သည်းခံမှုရှိတယ် ယုံကြည်ချက်ရှိတယ်...
ဒါပေမယ့် အများကောင်းဖို့အတွက် မဟုတ်သလို သူကောင်းဖို့လည်း မဟုတ်ဘူး... ရူးကြောင်မူးကြောင် ကမ္ဘာကျော်လိုမှုအတွက်...
ဒါသူ့အခွင့်အရေးဆိုတာ မှန်ပါရဲ့
အရူးဘုံမြှောက်တဲ့ ဂင်းနစ်စံချိန်တချို့ ကို ကျနော်ကတော့ ကြိတ်လှောင်မိတာပဲ...
အဲ့လိုပုံစံမျိုးနဲ့ကျနော် the whole burma firstဖြစ်လာတယ်
the whole burma firstဖြစ်ဖို့ အဓိပ္ပာယ်မရှိတာတွေ ကျနော်လုပ်ခဲ့ရတယ်လေ''
''ဆရာဝန်ဖြစ်ချင်သူက အမှတ်ကောင်းအောင်
ဖြေဖို့လိုတယ် အမှတ်ကောင်းမှလည်း ဆရာဝန်ဖြစ်မယ်... ဒါကြောင့် သူ့ကို သင်တဲ့ guideဆရာသို့မဟုတ် ကျူ ရှင်ဆရာဟာ စာကို အနုပညာလို ခံစားဖို့ထက် အမှတ်ရအောင်ဖြေဖို့ အဓိကထားသင်လိမ့်မယ်...
အဲ့လိုသင်တဲ့ဆရာမှားနေလား''
''လမ်းကကောက်တော့ ခြေလှမ်းတွေကလည်း ကောက်နေရတယ်... ဆန်စင်ရာ
ကျည်ပွေ့လိုက်ရတဲ့ ပညာရေးစနစ်မှာ အမှတ်ကောင်းအောင်သင်နေတဲ့ ဆရာတွေကို အပြစ်တင်ဖို့က ခက်တယ်...
ဆရာဝန်ဖြစ်လိုသူဟာ စာစီစာကုံးလေ့ကျင့်နေရတယ်
close typeဖြေဖို့ စာပိုဒ်လိုက် ကျက်နေရတယ်.... definitionတွေကို a,an,theက အစ မလွဲအောင် ကျက်နေရတယ်...
ဒါဟာ သူ့ဆရာဝန်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းအတွက် အထောက်အကူဖြစ်ရဲ့လား...
ဒါပေမယ့် ဆရာဝန်ဖြစ်ချင်သူကတော့ ဒီလိုကျက်ရမယ်...
သင်ကြားသူကလည်း ဒီလိုပဲ သင်ကြားရလိမ့်မယ်...
လျှောက်သူအမှားမဟုတ်သလို
ဒီလိုလျှောက်ဖို့ အကြံပြုသူ အမှားလည်း မဟုတ်ဘူး
ဒါဟာ လမ်းရဲ့အမှား... ဒါဟာ ပညာရေးစနစ်ရဲ့အမှား...'
''တကယ်လည်း ဆရာဝန်ပညာဟာ အခက်ဆုံးပညာရပ်တစ်ခုမဟုတ်လား ဒါကြောင့်လည်း အတော်ဆုံးတွေကို တောင်းဆိုတဲ့ သဘောပါပဲ''
''အခက်ဆုံးပညာရပ်ရယ်လို့တော့ မသတ်မှတ်ကောင်းပါဘူး....
ကဲဗျာ... အစ်မ သတ်မှတ်သလိုဆို ကျနော်က လောလောဆယ်မှာ အတော်ဆုံးပဲ... ဆရာဝန်လျှောက်မယ်ဆို ကျနော်ပါမှာပဲ... ဆရာဝန်ဖြစ်ဖို့ ကျနော်က အသင့်တော်ဆုံးပါလို့ အစ်မထင်လား''
'...''
''ဖြေပါအစ်မရဲ့ လက်ရှိပညာရေးစနစ်ကို ယုံစားပြီး မောင်လေးက အသင့်တော်ဆုံးပါလို့ ဖြေကြည့်လိုက်ပါလား...
အစ်မ အလွဲကြီးလွဲသွားမယ်...
ကျနော့်ဝါသနာက အဓိပ္ပာယ်ရှိတဲ့စာရေးသူဖြစ်ဖို့ပဲ
ဒီနိုင်ငံမှာ ဝါသနာမပါဘဲ အမှတ်ကို နှမြောလို့ ဆေးကျောင်းတက်နေသူတွေ ဘယ်လောက်တောင်ရှိနေကြမလဲ...''
''ဒါပေမယ့် ဒီလိုလိုင်းတွေကို
အမှတ်နဲ့ မခွဲလို့လည်းမဖြစ်ဘူးလေ
၂၄၀နဲ့ ဆေးကျောင်းတွေ လျှောက်နေကြမှာပေါ့...''
''လျှောက်ပါစေပေါ့အစ်မရယ်''
''ဘယ်ဖြစ်မလဲ... အမှတ်များရင် အမှတ်များတဲ့ ကောင်းကျိုးကို ခံစားသင့်တာပေါ့''
''ဆယ်တန်းမှာ သင်ရသမျှဟာ general သဘောလောက်ပါပဲအစ်မ
ဒီ generalမှာ ထူးချွန်တာနဲ့ပဲ
တက္ကသိုလ်လို specializedမှာ ထူးချွန်ပါလိမ့်မယ်လို့ လှေနံဓါးထစ်မှတ်လို့မရဘူး
ဒီအတွက် ဝင်ခွင့်စာမေးပွဲတွေလိုတယ်...
မင်းဆေးကျောင်းတတ်ဖို့အရည်အချင်းပြည့်မှီရဲ့လား ဒါကိုစစ်ဆေးဖို့ ဆေးကျောင်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲလိုမယ်
botanyယူဖို့ အရည်အချင်းပြည့်မှီမမှီ စစ်ဖို့လည်း လိုအပ်တာပဲ...
ပညာရပ်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ အခက်အခဲကိုယ်စီ ဝါသနာလိုအပ်မှု ကိုယ်စီရှိနေကြတာပဲ...
ဆရာဝန်ကိုလူတော်တွေလုပ် botanyကို လူညံ့တွေလုပ်ဆိုရင် အဲ့ဒိ education planကို မှားတယ်လို့ သတ်မှတ်မယ်....
Majorတိုင်းဟာ လိုအပ်တဲ့အရည်အချင်းနဲ့ ဝါသနာကို ပြန်တောင်းဆိုရမယ်....
ဒီအတွက်လည်း ကျောင်းသူကျောင်းသားတွေကို ကြို informလုပ်ရမယ်... တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး
နောက် ရွေးခွင့်ရှိသော majorများဆိုပြီး... ပဉ္စမတန်းလောက်ကတည်းက စမိတ်ဆက်ပေးထားသင့်တယ်
ဒါမှ ကျောင်းသားဟာ သူ့ဝါသနာ သူ့ ဗီဇကို ကွဲပြားစွာနားလည်လာမှာ...
ဒါမှ ပြတ်သားတဲ့ရွေးချယ်မှုကို ကျောင်းသားက လုပ်ဆောင်နိုင်မှာ
ဝါသနာရယ် ဝါသနာပါရာကို လုပ်ခွင့်ရသောအခွင့်အရေးရယ်
ကြိုးစားမှုရယ်ပေါင်းမှ ကျွမ်းကျင်သူဖြစ်မယ်...
အကယ်၍ အဲ့ဒိအလုပ်မှာ ပါရမီများပါခဲ့မယ်ဆိုရင်သူဟာ ကျွမ်းကျင်မှုအပြင် စွန့်ဦးတီထွင်သူ အဖြစ်ပါ လမ်းအသစ်ဖောက်လိမ့်မယ်
မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူတွေ ပျောက်ရှနေတယ်... ပြန်ရှာဖွေချင်တယ်...''
''The whole burma first ရခြင်းအပေါ်မှာ မောင်လေး ဘယ်လို ခံစားရလဲ''
''ပျော်မယ်လို့ ထင်ခဲ့ဖူးပါတယ်
အောင်စာရင်းမထွက်ခင်မှာ ကျနော်လျှောက်မိတဲ့ လမ်းအပိုတချို့ အတွက် နှမြောသလိုခံစားရတယ်
ဒီလမ်းအပိုတွေမှမလျှောက်ရင် the whole burma firstမဖြစ်နိုင်ဘူးလေ...
ပြေးလမ်းက ကွေ့ကောက်နေတော့ အကောက်အတိုင်း ကျနော်ပြေးခဲ့တယ်
ပြိုင်ပွဲစည်းကမ်းနဲ့ကိုက်ညီလို့ ကျနော် ပထမရတယ်...
တချို့က အဖြောင့်အတိုင်းပြေးတယ်...
သူတို့ က စာတတ်ဖို့ကို ဦးစားပေးပြီးပြေးတယ်
ကျနော်က အမှတ်ရဖို့ ဦးစားပေးပြီးပြေးတယ်
အမှတ်များပြိုင်ပွဲမှာ
ကျနော် firstရခဲ့တယ်
ကျနော် ပျော်သင့်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိနေတုန်းပဲ''
ဆက်ရန်.....
Crd,... Ko Ngal