23/05/2020
ပြင်ဦးလွင်က အထင်ကရ ဝိဥာဉ်လွှတ်ထားတဲ့ သစ်ပင်…
နှစ်၁၅၀လောက်သက်တမ်းရှိတဲ့ မြစိမ်းရောင်စံအိမ်ကြီးအကြောင်းကိုတော့ ပြင်ဦးလွင်မြို့ခံ အများစုသိပြီးသားဖြစ်မှာပါ။အခုပြောမယ့် ဝိဥာဉ်လွှတ်ထားတဲ့ သစ်ပင်ကြီးက အဲဒီမြစိမ်းရောင်စံအိမ်ဝင်းထဲမှာရှိနေတာပါ။
မြစိမ်းရောင်စံအိမ်ကြီးက ပြင်ဦးလွင်မြို့မှာ ပရလောကနဲ့ပတ်သက်ပြီးလေ့လာချင်နေတဲ့သူတွေအတွက်တော့ ထာဝရစိမ်ခေါ်မှုတွေနဲ့ စောင့်ဆိုင်းနေတဲ့ စံအိမ်ကြီးပါ။မြစိမ်းရောင်စံအိမ်ကြီးနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာရေးစရာတွေ ပြောစရာတွေအများအပြားရှိနေပါတယ်။အခုပြောပြမယ့်အကြောင်းအရာလေးကတော့ မြစိမ်းရောင်စံအိမ်ထဲက ဝိဥာဉ်တွေလွှတ်ထားတဲ့ သစ်ပင်ကြီးအကြောင်းပါ။
မြစိမ်းရောင်စံအိမ်ကြီးက အစိုးရပိုင်အဆောက်အဦးကြီးပါ။ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိပါတယ်။ ခေတ်ကာလပေါင်းများစွာကို ဖြတ်သန်းခဲ့ပါတယ်။ တစ်ခုထူးခြားတာက မြစိမ်းရောင်စံအိမ်ကြီးမှာနေတဲ့သူတော်တော်များများဟာ စံအိမ်ကြီးမှာနေထိုင်စဉ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသွားခဲ့ရတာပါပဲ။ခြောက်လှန့်မှုတွေရှိပေမယ့် နေမရလောက်အောင်တော့မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် တစ်ခါကတော့ လူတွေကိုအိမ်ပေါ်မှာနေလို့မရအောင် ခြောက်လှန့်တဲ့ ဝိဥာဉ်ပေါ်လာခဲ့ပါတယ်။ မတတ်သာတဲ့နောက်ဆုံးမှာတော့ အိမ်ပေါ်မှာနေသူတွေက သေဆုံးသူရဲ့ ဝိဥာဉ်ကို နေစရာပေးတဲ့သဘောနဲ့ မြစိမ်းရောင်စံအိမ်ရှေ့က အထင်ကရ ယူကလစ်ပင်ကြီးကိုပြောင်းရွှေ့နေစေရာကနေ ဝိဥာဉ်လွှတ်ထားတဲ့ အပင်ကြီးဖြစ်လာခဲ့တာပါပဲ။
သူမနာမည်က ဒေါ်ဝါဝါရှိန်တဲ့ ။ ကုန်သွယ်ရေးက ဝန်ထမ်းတစ်ဦးရဲ့ဇနီးပါ။ ခြောက်ခြားစရာကောင်းတဲ့ မြစိမ်းရောင်စံအိမ်ကြီးမှာ ကုန်သွယ်ရေးကဝန်ထမ်းတွေက အခန်းတွေကန့်ပြီး မိသားစုလိုက်နေကြပါတယ်။ဒေါ်ဝါဝါရှိန်က မျိုးရိုးစဉ်ဆက် ငါးရောင်းခဲ့တာမို့ စိတ်ကြမ်းလူကြမ်းပါ။ သူမယောက်ျားကတော့ အေးအေးဆေးဆေးသမားပါပဲ။အိမ်ကြီးမှာနေထိုင်တဲ့ ကျန်တဲ့မိသားစုတွေက အစိုးရဝန်ထမ်းတွေမို့သာ မတတ်သာလို့ထားရာမှာနေရပေမယ့် အခြောက်အလှန့်များပြီး မြေကြမ်းတဲ့ မြစိမ်းရောင်စံအိမ်ကြီးမှာနေကြခိုက် ဘုရားတရားမြဲနေကြပေမယ့် ဒေါ်ဝါဝါရှိန်ကတော့ သရဲတစ္ဆေကို အယုံအကြည်မရှိပါဘူး၊ မကြောက်ဖူးဆိုပြီး မကြာဏစိမ်ခေါ်မှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ သူမကြွေးကြော်နေကြစကားက
"လာချင်တဲ့သရဲလာ ဝါဝါရှိန့်အကြောင်း သိသွားစေရမယ်"
တဲ့။
ဒီလိုနဲ့တစ်ညတော့ သူမယောက်ျားမရှိခိုက် ခွေးနက်ကြီးတစ်ကောင်က သူတို့နေတဲ့ အခန်းပေါက်ဝနေ လျှာကြီးထွက်ပြီးလာကြည့်နေပါတယ်။ ဒေါ်ဝါဝါရှိန်လည်း အစာလာတောင်းတဲ့ခွေးထင်ပြီးမောင်းထုတ်ပေမယ့်ထွက်မသွားခဲ့ပါဘူး။ ဒါနဲ့ စရိုက်ကြမ်းသူပီပီ ခွေးနက်ကြီးကိုရေနွေးပူနဲ့လောင်းလိုက်တဲ့အချိန်မှာတော့ ခွေးနက်ကြီးက ရုတ်တရက်ပျောက်သွားပါတယ်။အဲဒါနဲ့တပြိုင်နက်ဒေါ်ဝါဝါရှိန်မှာ အသက်ရှူတွေကြပ်လာပြီး လျှာကြီးထွက်ပြီးလဲကျသွားပါတယ်။
ဒေါ်ဝါဝါရှိန်ရဲ့ ငြီးငြူပြီးလဲကျသံကြောင့် ဘေးအခန်းက လူတွေကပြေးလာကြတော့ သူမကကြမ်းပြင်ပေါ်မှာ လဲကျလူးလှိမ့်နေပါတယ်။သူမပါးစပ်ကလည်း ခွေးနက်ကြီးကို ရေနွေးပူနဲ့လောင်းတာ ပျောက်သွားတဲ့အကြောင်းကို ဝူးဝူးဝါးဝါးနဲ့ပြောနေပါတယ်။ဒါနဲ့မဖြစ်ဖူးဆိုပြီး သူမကို ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကိုပို့လိုက်ကြပါတယ်။ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးက မရဘူး၊ မန္တလေးဆေးရုံကြီးကိုပို့ရမယ်လို့ဆိုပါတယ်။သူမယောက်ျားလည်းရောက်လာတာနဲ့တိုင်ပင်ပြီး မန္တလေးဆေးရုံကိုပို့ဖို့စီစဉ်ပြီး မန္တလေးကိုဆင်းခဲ့ကြပါတယ်။ဒါပေမယ့် ၂၁ မိုင်အရောက်မှာပဲ သူမကွယ်လွန်သွားခဲ့ပါတယ်။ သူမမသေဆုံးခင်ဆေးရုံကားပေါ်မှာလည်း သူမရေနွေးပူနဲ့ပက်လိုက်တဲ့ ခွေးနက်ကြီးက သရဲမကြီးဆိုပြီး ကယောင်ကတမ်းနဲ့ ငြီးတွားသွားခဲ့ပါတယ်။
သူမအလောင်းကို သဂြိုဟ်ဖို့ စီစဉ်နေတုန်းမှာပဲ ပြဿနာတွေက စတော့တာပါပဲ။သူမအသုဘအတွက် စီစဉ်ဖို့ မြစိမ်းရောင်စံအိမ်ကြီးဆီရောက်နေသူတွေကို အသံအမျိုးမျိုး၊ အနံ့အမျိုးမျိုးပေးပြီးခြောက်လှန့်ခဲ့ပါတယ်။အစပိုင်းတော့ အားလုံးကရက်မလည်သေးလို့ သူမက ခြောက်လှန့်နေတာလို့ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်ရက်လည်ပြီး ရက်ပေါင်းများစွာကြာလာတဲ့အချိန်အထိ သူမရဲ့ခြောက်လှန့်မှုတွေက ရပ်မသွားတဲ့အပြင်ပိုပြီးတော့ ဆိုးဝါးလာပါတယ်။ အသံတွေ၊ အနံ့တွေပေးတာတင်မကတော့ပဲ ကိုယ်ထိလက်ရောက်နောက်ကနေတွန်းတာတွေလုပ်လာသလို တစ်ခါတစ်ရံမှာ သူမရဲ့ကြောက်လန့်စရာမျက်နှာကြီးကို မြစိမ်းရောင်စံအိမ်ကြီးမှာနေတဲ့ အခြားဝန်ထမ်းတွေကို ပြတတ်ပါတယ်။နောက်ဆုံးအိမ်ကြီးပေါ်မှာ ဘယ်သူမှမနေရဲသလောက်ဖြစ်လာခဲ့ပါတယ်။
ဒါနဲ့နားလည်တဲ့ သူတွေကိုခေါ်ပြီး သူမဝိဥာဉ်ကို မြစိမ်းရောင်စံအိမ်ရှိတဲ့ ခြံဝင်းထဲက ယူကလစ်ပင်ကြီးမှာနေဖို့ နေရာသတ်မှတ်ပေးခဲ့ရပါတယ်။နောက်ပိုင်းသူမက မြစိမ်းရောင်စံအိမ်ကြီးထဲမှာ မနေရတော့ပေမယ့် ယူကလစ်ပင်နားကို လာတဲ့သူတွေကို ဆက်လက်ခြောက်လှန့်နေခဲ့ပါတယ်။မြစိမ်းရောင်စံအိမ်နဲ့ အနီးအနားပတ်ဝန်းကျင်ကသူတွေကတော့ အကြောင်းသိလို့ ဘယ်သူမှ ယူကလစ်ပင်နားကို နေ့ရောညပါဖြတ်သွားဖြတ်လာမလုပ်ကြပါဘူး။
ဒါပေမယ့် မသိလို့ဖြစ်စေ၊ မတတ်သာလို့ဖြစ်စေ မဖြစ်မနေယူကလစ်ပင်နားကဖြတ်သွားရသူတွေကတော့ ယူကလစ်ပင်နားညနေ နေဝင်ရီတရောအချိန်ဖြတ်သွားမိရင် အပင်ပေါ်ကနေ အမျိုးသမီးတစ်ဦးခုန်ချလာတတ်ပြီး အောက်ရောက်ရင်ငုတ်တုပ်ကြီးထိုင်နေတတ်ကြောင်းပြောလေ့ရှိကြပါတယ်။အချို့ကလည်း ကိုယ်တစ်ပိုင်းပြတ်သရဲမလို့ဆိုကြတယ်။
အဲဒီနောက်ပိုင်းတော့ မြစိမ်းရောင်စံအိမ်ကြီးမှာနေထိုင်သူ ဝန်ထမ်းတွေအသေအပျောက်များလာပြီး အခုအခါမှာတော့ ခြံဝင်းကြီးနားမလှမ်းမကမ်းက မျိုးရိုးစဉ်ဆက် မြစိမ်းရောင်စံအိမ်စောင့်ဝန်ထမ်း အစောင့်ဂေါ်ရခါးလင်မယားကလွဲရင် ဘယ်သူမှမနေကြတော့ပါဘူး။
အစိုးရပိုင်ဝင်းကြီးမို့ ပတ်ဝန်းကျင်မှာ အစိုးရရုံးသစ်ကြီးတွေကို ထည်ထည်ဝါဝါတည်ဆောက်ထားကြပြီး အစိုးရအရာရှိတွေရုံးထိုင်နေကြပေမယ့် ဘေးကပ်လျှက်က ပြိုကျလုစဲစဲမြစိမ်းရောင်စံအိမ်ကြီးနဲ့ မလှမ်းမကမ်းက ယူကလစ်ပင်ကြီးကို အခုထိဘယ်သူမှမထိရဲတာကတော့ ပရလောကဖြစ်ရပ်တွေကြောင့်လားဆိုတာနဲ့ အစိုးရုံးသစ်တွေဆောက်စဉ်က မြစိမ်းရောင်စံအိမ်ထဲမှာ ကန်တော့ပွဲတွေအများအပြားဘာလို့ပေးထားတာလဲဆိုတာကိုတော့ တာဝန်ရှိသူတွေသာသိမည်ဟုထင်ပါကြောင်း…
လူမြန်မာ(Lu Myanmar)