Singapore Awakening Program

Singapore Awakening Program Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Singapore Awakening Program, Singapore.

🌱 ဟေတုပစ္စယော (Root Condition) — အကျဉ်းချုပ်“ဟေတု” ဆိုသည်မှာ အမြစ်၊ မူလအကြောင်းရင်း ဖြစ်ပြီး၊ “ပစ္စယော” ဆိုသည်မှာ အထောက်...
22/09/2026

🌱 ဟေတုပစ္စယော (Root Condition) — အကျဉ်းချုပ်

“ဟေတု” ဆိုသည်မှာ အမြစ်၊ မူလအကြောင်းရင်း ဖြစ်ပြီး၊ “ပစ္စယော” ဆိုသည်မှာ အထောက်အပံ့ပြုသော အခြေအနေ ဖြစ်ပါတယ်။

သစ်ပင်တစ်ပင်ဟာ အမြစ်ကိုမှီပြီး ရှင်သန်ကြီးထွားသလို၊ စိတ်နှင့်စေတသိက်တို့သည်လည်း မိမိတို့၏ အမြစ်ဖြစ်သော ဟေတုတရားများကို မှီပြီး ဖြစ်ပေါ်ကြပါတယ်။

ဟေတုတရား (၆) ပါးရှိပါတယ်။

🔴 အကုသိုလ်ဟေတု (၃) ပါး

• လောဘ — လိုချင်တပ်မက်ခြင်း
• ဒေါသ — မကျေနပ်ခြင်း၊ အမျက်ထွက်ခြင်း
• မောဟ — အမှန်တရားကို မသိမြင်ခြင်း

🟢 ကုသိုလ်ဟေတု (၃) ပါး

• အလောဘ — မတပ်မက်ခြင်း၊ စွန့်လွှတ်ခြင်း
• အဒေါသ — မမုန်းတီးခြင်း၊ မေတ္တာထားခြင်း
• အမောဟ — အမှန်အတိုင်း သိမြင်ခြင်း၊ ပညာရှိခြင်း

နေ့စဉ်ဘဝမှာ လောဘ၊ ဒေါသ၊ မောဟတို့ကို အမြစ်ပြုရင် စိတ်ပူလောင်မှုနဲ့ ဆင်းရဲမှုတွေ တိုးပွားလာနိုင်ပါတယ်။ အလောဘ၊ အဒေါသ၊ အမောဟတို့ကို အမြစ်ပြုနိုင်ရင်တော့ စိတ်အေးချမ်းမှု၊ မေတ္တာနဲ့ ပညာတရားတို့ တိုးပွားလာမှာ ဖြစ်ပါတယ်။

ထို့ကြောင့်—

🌱 မေတ္တာကို အမြစ်ပြုလျှင် သဟဇာတဖြစ်မှု တိုးပွားမည်။
❤️ အဒေါသကို အမြစ်ပြုလျှင် ပျော်ရွှင်အေးချမ်းမှု ရရှိမည်။
🧠 အမောဟကို အမြစ်ပြုလျှင် ပညာဖြင့် အမှန်တရားကို သိမြင်နိုင်မည်။

မိမိစိတ်၌ မည်သည့်အမြစ်ကို မွေးမြူနေသလဲဆိုတာ အမြဲသတိပြုကြည့်ကြရအောင်ပါရှင်။ 🙏🏻

“ကုသိုလ်ဖြစ်ရန် ကုသိုလ်ဟေတုတို့ကို အမြစ်ခိုင်အောင် ပြုစုပျိုးထောင်ကြစို့။”

#ဟေတုပစ္စယော #ပဋ္ဌာန်းတရား

21/09/2026

ဗုဒ္ဓ ဆိုတာ ဉာဏ်။
ဗုဒ္ဓဝါဒ ဆိုတာ “လောဘ စွန့်ဖို့သာ လိုရင်း” ဖြစ်ပါတယ်။

၁။ ဟေတု ပစ္စယော…
ပြဿနာအားလုံးကို ဖြစ်စေတာ၊ ပြဿနာအားလုံးကို ပြေငြိမ်းစေတာကို ဟေတုပစ္စယော တစ်လုံးတည်းနဲ့ ဗုဒ္ဓက ပြသ ပေးခဲ့တယ်။ ပြဿနာအားလုံးဟာ “လောဘ”ကြောင့် ဖြစ်ရသလို၊ “အမောဟ” တစ်လုံးတည်းနဲ့ ပြဿနာအားလုံးကို ပြေလည်သွားစေပါတယ်။

၂။ အာရမ္မဏ ပစ္စယော…
“လောဘ” ဘာကြောင့် ဖြစ်တာလဲ…?။
အာရုံနဲ့ စိတ်ကို ခွဲခြား မသိလို့ ပဲ။ အာရုံ ရှိမှ စိတ်ရှိတယ်။ အာရုံပြောင်းရင် စိတ်ပြောင်းတယ်။ အာရုံက အကြောင်း၊ စိတ်က အကျိုး။ အာရုံကိုပဲ မဲနေတာ၊ စိတ်ကို မမြင်ဘူး။ အာရုံကို ပြင်လို့ မရဘူး၊ စိတ်ကိုပဲ သီလ သမာဓိ ပညာနဲ့ ပြင်ရမှာ။ အာရုံကြောင့် လောဘ မဖြစ်စေနဲ့…တဲ့။

တကယ်တော့ အာရမ္မဏ ပစ္စယော ကို သိအောင် ဝိပဿနာ ရှုရတာ။ အာရုံနဲ့ စိတ် (သို့) ရုပ်နဲ့ နာမ်။ တစ်လောကလုံး ရုပ်နာမ်ပဲ ရှိတယ်လို့ ဉာဏ်ထဲ သိအောင်လို့ပါ။

၃။ အဓိပတိ ပစ္စယော…
(ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝိမံသာ)
အာရုံကြောင့် စိတ်မှာ “လောဘ”ဖြစ်ပုံကို အရမ္မဏ ပစ္စယောနဲ့ သိစေပြီးပြီ။ အာရုံမှန်း သိဖို့ (တနည်း) “အမောဟ”ဖြစ်ဖို့ ကိုယ့်သန္တာန်မှာ အဓိပတိ လိုပြီ။

တန်ခိုးကြီးတယ်ဆိုတာ “ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝိမံသာ” ကြီးတာကို ပြောတာပါ။ သံပြား က ဓါး ဖြစ်လာသလို၊ “ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝိမံသာ” ဟာ ကိုယ်ရဲ့ တန်ခိုး ဖြစ်လာတာ။

ပြဿနာ ဖြစ်ကြောင်းလည်း သိပြီ။ ပြဿနာ ဖြေရှင်းရမယ့် နည်းကိုလည်း သိပြီ။ လိုအပ်တဲ့ ကိရိယာတွေကိုပါ သိပြီ။ ကိုယ်တိုင် လုပ်ဖို့ပဲ လိုပါတော့တယ်။

ကိုယ့်ဘဝကို…
ဆန္ဒ နဲ့ Guide ၊ ဝီရိယ နဲ့ Drive
စိတ္တ နဲ့ Shape ၊ ပညာ နဲ့ Lead to Freedom ဆီသို့ ရောက်အောင် အဓိပတိထားပါ။

Receiving & Responding….
နေ့စဉ်ဘဝမှာ အာရုံတွေကို သတိနဲ့ လက်ခံပါ။
ကိုယ့်ရဲ့ ကံအမှုတွေကို ပညာဦးဆောင်ပြီး ပြုလုပ်ပါ။

ကိုယ့်ဘဝကို ကုသိုလ်၊ အကုသိုလ်ရှုထောင့်ကနေ ပညာနဲ့ စဉ်းစား၊ ဆုံးဖြတ်ပြီး အကုသိုလ် မဖြစ်အောင် နေထိုင်ပါ။

ဒီနေ့ နာတဲ့ တရား…
၂၁၊ ၀၉၊ ၂၀၂၆

🌸 ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း 🌸ဝိသုဒ္ဓိမဂ် ဓမ္မလမ်း၏ ဦးဆောင်မှုဖြင့် Singapore Awakening Program – SAP မှ ကြီးမှူး၍ ဆရာက...
19/09/2026

🌸 ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း 🌸

ဝိသုဒ္ဓိမဂ် ဓမ္မလမ်း၏ ဦးဆောင်မှုဖြင့် Singapore Awakening Program – SAP မှ ကြီးမှူး၍ ဆရာကြီး ဒေါက်တာဦးစိုးလွင် (မန္တလေး) ၏ လမ်းညွှန်သင်ကြားမှုဖြင့် ပဋ္ဌာန်းတရားတော်များကို ဝိပဿနာအမြင်ဖြင့် နေ့စဉ်ဘဝတွင် လက်တွေ့နားလည်ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ သင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပလျက်ရှိပါတယ်ရှင်။ 🌿

✨ လာမည့်အပတ် သင်ကြားမည့်အကြောင်းအရာ

🪷 အဓိပတိပစ္စယော
📅 20 September 2026 (Sunday)
🇸🇬 Singapore Time — 8:30 PM – 10:00 PM
🇲🇲 Myanmar Time — 7:00 PM – 8:30 PM

အဓိပတိပစ္စယောဆိုသည်မှာ အကြောင်းတရားတစ်ခုက အားကောင်းစွာ ဦးစီးလွှမ်းမိုး၍ ဆက်စပ်နေသော နာမ်တရား၊ ရုပ်တရားများ ဖြစ်ပေါ်လာစေရန် အထောက်အပံ့ပြုခြင်းဖြစ်ပါတယ်။

ဆန္ဒ၊ ဝီရိယ၊ စိတ်နှင့် ဝီမံသ (ပညာ) တို့အနက် တစ်ပါးပါးက မိမိတို့၏ စိတ်နှင့် လုပ်ဆောင်မှုများကို မည်သို့ ဦးဆောင်လွှမ်းမိုးနေသနည်း၊ မိမိအလေးထားသော အာရုံတစ်ခုက စိတ်အပေါ် မည်သို့ သက်ရောက်နေသနည်းဆိုတာကို ပဋ္ဌာန်းအမြင်၊ ဝိပဿနာအမြင်တို့ဖြင့် လေ့လာနိုင်မည့် ဓမ္မသင်တန်းဖြစ်ပါတယ်။ 🙏

ဓမ္မကို စိတ်ဝင်စားသူ မည်သူမဆို ပါဝင်လေ့လာနိုင်ပါတယ်ရှင်။ မိမိတို့၏ မိသားစု၊ မိတ်ဆွေများထံ ဒီဖိတ်ကြားချက်လေးကို မျှဝေပေးခြင်းဖြင့်လည်း ဓမ္မဒါနပြုနိုင်ပါတယ်။ 🙏🪷

🪷 “အခု အစားထိုးနေတယ်” ဆိုတဲ့ ဆရာ့စကားက စိတ်ထဲမှာ စိုးမိုးနေတယ်…အာရုံနဲ့ သက်ဆိုင်ရာဒွါရတို့ကို အကြောင်းပြုပြီး စိတ်/ဝိညာဏ...
15/09/2026

🪷 “အခု အစားထိုးနေတယ်” ဆိုတဲ့ ဆရာ့စကားက စိတ်ထဲမှာ စိုးမိုးနေတယ်…

အာရုံနဲ့ သက်ဆိုင်ရာဒွါရတို့ကို အကြောင်းပြုပြီး စိတ်/ဝိညာဏ် ဖြစ်ပေါ်လာတယ်။အာရုံပျောက်သွားတဲ့အခါ အဲဒီစိတ်လည်း ချုပ်ပျောက်သွားပြီး နောက်အာရုံကို အကြောင်းပြုတဲ့ နောက်စိတ်တစ်ခုက အစားထိုးပေါ်လာတယ်။

တစ်ခါတလေ Invisible Man ရုပ်ရှင်ကို သတိရမိတယ်။ အပြင်က ရုပ်သဏ္ဌာန်တစ်ခု ပေါ်နေပေမဲ့ အတွင်းမှာ သီးခြားတည်ရှိနေတဲ့အရာ မရှိသလိုမျိုး…

မီးပွိုင့်မှာ စောင့်နေတုန်း Social Media ပေါ်က အကြောင်းအရာတစ်ခုကို မြင်ပြီး ဒေါသစိတ် ဖြစ်တယ်။ မီးစိမ်းသွားတော့ အဲဒီအာရုံပျောက်၊ အဲဒီစိတ်လည်း ချုပ်ပြီး “နေ့လယ်စာ ဘာစားမလဲ” ဆိုတဲ့ နောက်စိတ်တစ်ခု အစားထိုးပေါ်လာပြန်တယ်။

ဒီလိုနဲ့ စိတ်တွေဟာ—
အာရုံကို အကြောင်းပြုပြီး ပေါ်တယ်၊
ပေါ်ပြီး ချုပ်တယ်၊နောက်စိတ်တစ်ခုက အစားထိုးတယ်။

ဆက်တိုက်ဖြစ်နေတဲ့အတွက် “ငါက တွေးနေတယ်၊ ငါက စိတ်ဆိုးနေတယ်” လို့ တစ်ခုတည်းသောစိတ်က အမြဲတည်နေသလို ထင်ရပေမဲ့ အမှန်မှာ ဖြစ်ပြီးပျက်နေတဲ့ အကြောင်းအကျိုးဖြစ်စဉ်သာ ရှိပါတယ်။

ဒီလို အာရုံကိုအကြောင်းပြုပြီး စိတ်တွေ ပေါ်လိုက်၊ ချုပ်လိုက်၊ နောက်စိတ်တစ်ခု အစားထိုးလိုက် ဖြစ်နေတာကို မတားဆီး၊ နောက်ကမလိုက်ဘဲ သတိနဲ့ ထပ်ခါထပ်ခါ မြင်သိနေဖို့သာ လိုပါတယ်။

အဲဒီအခါ “မမြဲဘူး” ဆိုတဲ့ စကားလုံးအသိကနေ စိတ်/ဝိညာဏ်ဟာ “ငါ” မဟုတ်ဘဲ အကြောင်းအခြေအနေအလိုက် အမြဲပြောင်းလဲနေတဲ့ သဘောတရားသာဖြစ်ကြောင်း ကိုယ်တိုင်ထင်ရှားစွာ သိမြင်တဲ့ ဥာဏ်(wisdom) ဖြစ်ပေါ်လာပါလိမ့်မယ်🙏🏻🪷

🍜 ဓမ္မက စားစရာ Menu မှာတောင် တွေ့ရတယ်Menu ကို ကြည့်လိုက်တော့…အစမှာ အရောင်တွေ၊ ပုံတွေ ပဲ သညာထဲ ပေါ်လာတယ်။ဘာဟင်းတွေလဲတော့ ...
14/09/2026

🍜 ဓမ္မက စားစရာ Menu မှာတောင် တွေ့ရတယ်

Menu ကို ကြည့်လိုက်တော့…
အစမှာ အရောင်တွေ၊ ပုံတွေ ပဲ သညာထဲ ပေါ်လာတယ်။
ဘာဟင်းတွေလဲတော့ မသိသေးဘူး 😅

အမည်တွေက များတော့
“ဒါဘာလေးပါလိမ့် 🤔” ဆိုတဲ့ သိလိုစိတ်ကလည်း ပေါ်လာတယ်။

ဒါပေမယ့် ဟင်းအမည်ကို မသိခင်မှာပဲ
“စားချင်လိုက်တာ…” ဆိုတဲ့ ဝေဒနာ က ရောက်နှင့်နေပြီ 😆
ဗိုက်ကလည်းဆာ၊ ပုံကလည်းမြင်ရတော့
တံတွေးတောင် မသိမသာ မျိုချမိရက်သား။

👁️ အဆင်း + စက္ခု + စက္ခုဝိညာဏ် → စက္ခုသံဖဿရှိတော့ ဝေဒနာ ပေါ်လာတယ်။
ဝေဒနာနောက်မှာ “ကြိုက်တယ်၊ စားချင်တယ်” ဆိုတဲ့ တဏှာ ဝင်လာနိုင်တယ်။
ပြီးတော့ “ဒါကိုပဲ စားရမှ” ဆိုပြီး ဖမ်းဆုပ်မိရင် ဥပါဒါန် ဆီ ဆက်သွားနိုင်တယ်။

အရင်ကတော့ ပုံလေးမြင်တာနဲ့
“ဘာစားရင်ကောင်းမလဲ 🤔” ဆိုပြီး စိတ်က တန်းပြေးတတ်တယ် 😂

ဒါလေးကို သတိလေးနဲ့…
မြင်တာကို မြင်တယ်လို့ သိတယ်။
စားချင်တာပေါ်ရင် စားချင်တာပေါ်တယ်လို့ သိတယ်။
ပေါ်လာတဲ့ ဝေဒနာနောက်ကို မလိုက်ဘဲ သိရုံလေး သိနေမယ်။

မြင်တယ် ဒါပေမယ့် မစွဲလန်းတော့ဘူး။
မစွဲလန်းတော့ အားထုတ်ပြီး လိုက်ယူချင်စိတ်လည်း လျော့သွားတယ်။ 🪷

Menu တစ်ချပ်ကြည့်ရင်းတောင်
ဖဿ → ဝေဒနာ → တဏှာ → ဥပါဒါန်
ဘယ်နေရာမှာ စိတ်က ဆက်ပြေးသွားသလဲဆိုတာ သတိထားကြည့်လို့ရနေပါပြီ။ 🙏🪷

🪷 လမ်းဆုံမှာ လမ်းခွဲခဲ့တယ်🚙 🚗လူတိုင်းဟာ ဘဝခရီးလမ်းပေါ်မှာ လျှောက်နေကြသူတွေပါ။ ဒါပေမယ့် ကိုယ်သွားနေတဲ့လမ်းက ဘယ်ကိုဦးတည်နေ...
14/09/2026

🪷 လမ်းဆုံမှာ လမ်းခွဲခဲ့တယ်🚙 🚗

လူတိုင်းဟာ ဘဝခရီးလမ်းပေါ်မှာ လျှောက်နေကြသူတွေပါ။ ဒါပေမယ့် ကိုယ်သွားနေတဲ့လမ်းက ဘယ်ကိုဦးတည်နေလဲဆိုတာကိုတော့ အမြဲသတိထားမိကြတာ မဟုတ်ပါဘူး။

အာရုံတစ်ခုနဲ့ တွေ့တဲ့အခါ လမ်းနှစ်လမ်း ခွဲသွားနိုင်ပါတယ်။
တစ်လမ်းက အတွေးနောက်လိုက်တဲ့လမ်း။
နောက်တစ်လမ်းက သတိနဲ့ သိမြင်တဲ့လမ်း။

အာရုံတစ်ခု ပေါ်လာတဲ့အခါ “ငါကြိုက်တယ်၊ ငါမကြိုက်ဘူး၊ ငါလိုချင်တယ်၊ ငါ့ဟာ” ဆိုပြီး အတွေးတွေ ဆက်ပွား၊ တွယ်ကပ်လာရင် 🚗 ဥပါဒါန်ကား ပေါ်တက်လိုက်သလိုပါပဲ။

“ငါ၊ ငါ့ဟာ” ဆိုတဲ့ အစွဲတွေ များလာတာနဲ့အမျှ လိုချင်ခြင်း၊ မရရင် ပူပန်ခြင်း၊ မကြိုက်တာနဲ့တွေ့ရင် ဒေါသဖြစ်ခြင်းတွေ ဆက်ဖြစ်လာတယ်။ ဒီလိုနဲ့ ဥပါဒါန်ကားက သံသရာလမ်းကို ဆက်မောင်းနေပါတယ်။

ဒါပေမယ့် အဲဒီအာရုံကိုပဲ သတိနဲ့ သိနိုင်လိုက်ရင် လမ်းက ပြောင်းသွားနိုင်ပါတယ်။

မြင်ရင် “မြင်တယ်” လို့ သိတယ်။
ကြားရင် “ကြားတယ်” လို့ သိတယ်။
စိတ်ဆိုးရင် “စိတ်ဆိုးနေတယ်” လို့ သိတယ်။
လိုချင်စိတ်ပေါ်ရင် “လိုချင်စိတ်ပေါ်နေတယ်” လို့ သိတယ်။

“ငါ၊ ငါ့ဟာ” လို့ ချက်ချင်းမဆုပ်ကိုင်ဘဲ ဖြစ်ပေါ်နေတဲ့ သဘာဝတရားအဖြစ် သတိနဲ့ကြည့်တတ်လာတဲ့အခါ 🚙 သတိကား ပေါ်တက်လာတာနဲ့ တူပါတယ်။

သတိကနေ ဉာဏ်နဲ့ မှန်ကန်စွာ သိမြင်လာတဲ့အခါ သမ္မာဒိဌိ၊ မဂ္ဂင်လမ်း ဘက်ကို တဖြည်းဖြည်း ဦးတည်လာနိုင်ပါတယ်။

ဒါကြောင့် အရေးကြီးတာက ကိုယ့်စိတ်ဟာ ဘယ်ကားပေါ် တက်နေသလဲ ဆိုတာ သိနိုင်ဖို့ပါ။

ပုံထဲက 🔴 Red Dot မီးပွိုင့်ဟာလည်း ဒီ လမ်းခွဲတဲ့အခိုက်အတန့် ကို ဆိုလိုတာပါ။

အာရုံနောက်ကို
အတွေးနဲ့ ဆက်လိုက်မလား — 🚗 ဥပါဒါန်ကား
သတိနဲ့ သိမြင်မလား — 🚙 သတိကား

လမ်းခွဲတာ အပြင်မှာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ အာရုံတစ်ခု၊ စိတ်တစ်ချက်မှာပဲ လမ်းခွဲတာပါ။

ဒါကြောင့် “Your life is your choice” ဆိုတာ 🔴 Red Dot မီးပွိုင့်နေရာမှာ ဘယ်လမ်းကို ဆက်သွားမလဲ ဆိုတာကို ရည်ညွှန်းတာပါ။

အာရုံနောက်ကို အတွေးနဲ့ ဆက်လိုက်ပြီး တွယ်ကပ်သွားရင် — ဥပါဒါန်ဘက်။
သတိနဲ့ သိပြီး ဉာဏ်နဲ့ မြင်နိုင်အောင် လေ့ကျင့်ရင် — မဂ္ဂင်လမ်းဘက်။

🪷 အတွေးနောက်လိုက်တိုင်း အစွဲမဖြစ်စေဖို့ သတိထားပါ။ သတိရှိတိုင်း ပညာဖြစ်နေပြီဟုလည်း မယူဆဘဲ၊ သတိမှတစ်ဆင့် အမှန်သဘောကို သိမြင်နိုင်အောင် လေ့ကျင့်ပါ။

သတိ → သမ္မာဒိဋ္ဌိ → မဂ္ဂင်လမ်း → လွတ်မြောက်ရာ နိဗ္ဗာန်သို့။ 🙏

“Your life is your choice.” ဒီနေ့ ကိုယ်စီးမယ့်ကားက
🚗 ဥပါဒါန်ကားလား
🚙 သတိကားလား
ဆိုတာ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ကြရအောင်။ 🪷🙏

📣 ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း – Q&A Form(Day 2)🙏🪷ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါရှင်။ 🙏သင်တန်းမစတင်မီ Q&A Form လေးကို အ...
12/09/2026

📣 ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း – Q&A Form(Day 2)🙏🪷

ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါရှင်။ 🙏

သင်တန်းမစတင်မီ Q&A Form လေးကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်ဖြေဆိုပေးကြပါရန် မေတ္တာဖြင့် အသိပေးအပ်ပါတယ်ရှင်။

📝 Q&A Form
https://tinyurl.com/SAPQA130926

မိမိတို့ သိရှိလိုသည့် ပဋ္ဌာန်းနှင့် ဝိပဿနာဆိုင်ရာ မေးခွန်းများကိုလည်း Form မှတစ်ဆင့် ကြိုတင်ပေးပို့နိုင်ပါတယ်ရှင်။

ဓမ္မမိတ်ဆွေများအားလုံး ပါဝင်ဖြေဆိုပေးကြပါရန် မေတ္တာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင်။ 🙏🪷

Singapore Awakening Program(SAP)

🪷 အာရမ္မဏပစ္စယော (Ārammaṇa Paccayo) 📅 13 September 2026 (Sunday) Singapore Time — 8:30 PM – 10:00 PM Myanmar Time — 7:00 PM – 8:30 PM

🌸 ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း 🌸ဝိသုဒ္ဓိမဂ် ဓမ္မလမ်း၏ဦးဆောင်မှုဖြင့် Singapore Awakening Program – SAPမှ ကြီးမှူး၍ ဆရာကြီ...
10/09/2026

🌸 ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း 🌸

ဝိသုဒ္ဓိမဂ် ဓမ္မလမ်း၏ဦးဆောင်မှုဖြင့် Singapore Awakening Program – SAPမှ ကြီးမှူး၍ ဆရာကြီး ဒေါက်တာဦးစိုးလွင် (မန္တလေး) ၏ လမ်းညွှန်သင်ကြားမှုဖြင့် ပဋ္ဌာန်းတရားတော်များကို ဝိပဿနာအမြင်ဖြင့် နေ့စဉ်ဘဝမှာ လက်တွေ့နားလည်ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ သင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပလျက်ရှိပါတယ်ရှင်။ 🌿

✨ လာမည့်အပတ် သင်ကြားမည့် အကြောင်းအရာ
🪷 အာရမ္မဏပစ္စယော (Ārammaṇa Paccayo)
📅 13 September 2026 (Sunday)
🇸🇬 Singapore Time — 8:30 PM – 10:00 PM
🇲🇲 Myanmar Time — 7:00 PM – 8:30 PM

စိတ်သည် အာရုံတစ်ခုကို အမှီပြု၍ မည်သို့ဖြစ်ပေါ်လာသနည်း၊ မြင်ခြင်း၊ ကြားခြင်း၊ တွေးခြင်း၊ ခံစားခြင်းတို့တွင် အာရုံ (Ārammaṇa) သည် မည်သို့ ပစ္စည်းအကြောင်းတရားဖြစ်နေသနည်းဆိုတာကို ပဋ္ဌာန်းအမြင်၊ ဝိပဿနာအမြင်တို့ဖြင့် လေ့လာနိုင်မည့် ဓမ္မသင်တန်းဖြစ်ပါတယ်။ 🙏

ဓမ္မကို စိတ်ဝင်စားသူ မည်သူမဆို ပါဝင်လေ့လာနိုင်ပါတယ်ရှင်။ မိမိတို့၏ မိသားစု၊ မိတ်ဆွေများနှင့်လည်း ဒီဖိတ်ကြားချက်လေးကို Share ပေးခြင်းဖြင့် ဓမ္မဒါနပြုနိုင်ပါတယ်။ 🙏🪷

🪷ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း ဖိတ်ကြားလွှာ🪷Singapore Awakening Program (SAP) နှင့် ဝိသုဒ္ဓိမဂ် ဓမ္မလမ်း၏ လမ်းညွှန်မှုအောက...
04/09/2026

🪷ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း ဖိတ်ကြားလွှာ🪷

Singapore Awakening Program (SAP) နှင့် ဝိသုဒ္ဓိမဂ် ဓမ္မလမ်း၏ လမ်းညွှန်မှုအောက်တွင် ပူးပေါင်းစီစဉ်သော “ပဋ္ဌာန်းနှင့် ဝိပဿနာသင်တန်း” ကို ဆရာကြီး ဒေါက်တာဦးစိုးလွင် (မန္တလေး) မှ ဟောပြောသင်ကြားပေးသွားမည်ဖြစ်ပါ၍ ဓမ္မမိတ်ဆွေများအားလုံး ပါဝင်တက်ရောက်ကြပါရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်ရှင်🙏

📅 6 Sep 2026 မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
⏰ Singapore – 8:30-10PM | Myanmar – 7:00-8:30PM

🌸 ဒီတနင်္ဂနွေညမှာ စတင်ပါမယ်ရှင်။

💻Zoom Meeting
https://us06web.zoom.us/j/86873522610?pwd=fwZX4NtL2NX8FbaW8EDeEzXRrkErea.1

Meeting Chat
https://us06web.zoom.us/launch/jc/86873522610

Meeting ID: 868 7352 2610
Passcode: dhamma

ဓမ္မမိတ်ဆွေများအားလုံးကို မေတ္တာဖြင့် ဖိတ်ကြားအပ်ပါသည်။🙏

31/08/2026

ပဋ္ဌာန်းသင်တန်းကို ဘယ်လိုသူတွေ တက်ရောက်လေ့လာသင့်လဲ?

🌿 ကုသိုလ်၊ အကုသိုလ် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကို ပဋ္ဌာန်းတရားထဲက ဟေတုပစ္စယော နဲ့ ယှဉ်တွဲပြီး နားလည်ချင်သူများ

🌿 ကံကုသိုလ်မှ ဉာဏ်ကုသိုလ်သို့ ဘယ်လိုတက်လှမ်းနိုင်မလဲဆိုတာကို အာရမ္မဏပစ္စယော နဲ့ ဆက်စပ်ပြီး သဘောပေါက်ချင်သူများ

🌿 သီလ၊ သမာဓိ၊ ပညာ ပြည့်စုံဖို့အတွက် အဓိပတိပစ္စယော က ဘယ်လောက်အရေးကြီးသလဲဆိုတာ လေ့လာချင်သူများ

🌿 Level 1 ကို အခြေခံပြီး ဝိပဿနာကို ပဋ္ဌာန်းနည်းဖြင့် ပိုမိုနက်ရှိုင်းစွာ အဆင့်မြင့်လေ့လာချင်သူများ

🌿 ဝိဇ္ဇာနှင့် စရဏ တွဲဖက်မှု ကို ဆရာကြီးထံ တိုက်ရိုက်မေးမြန်းသင်ယူပြီး မိမိ၏ လက်တွေ့ကျင့်ကြံမှုကို တစ်ဆင့်မြှင့်တင်လိုသူများ

🌿 အလုပ်များ၍ အချိန်ရှားသော်လည်း Sunday အားလပ်ချိန်ထဲက ၁ နာရီခွဲခန့် မိမိအိမ်ကနေ Zoom ဖြင့် တရားလေ့လာလိုသူများ

🪷 ဒီ Sunday စတင်မယ့် ပဋ္ဌာန်းသင်တန်းမှာ ပါဝင်ပြီး ဆရာကြီးနှင့် တိုက်ရိုက်မေးမြန်းဆွေးနွေး သင်ယူခွင့်ကို ရယူလိုက်ပါ။

🙏 ပဋ္ဌာန်းမှတစ်ဆင့် အကြောင်း–အကျိုးကို သိမြင်၍ နေ့စဉ်ဘဝထဲမှာ ဝိပဿနာကို လက်တွေ့အသုံးချနိုင်ကြပါစေ။

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Singapore Awakening Program posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Singapore Awakening Program:

Shortcuts

Share