02/10/2026
Alzheimer’s ရောဂါအကြောင်း — အပိုင်း (၁)
“မေ့တတ်လာတာ… အသက်ကြီးလို့ပဲလား?”
တစ်ခါတလေ သော့ဘယ်ထားမိမှန်းမသိတာ၊ လူတစ်ယောက်နာမည်ကို ခဏမေ့သွားတာ၊ ဘာပြောမလို့လဲဆိုတာ ခဏမေ့သွားတာမျိုး လူတိုင်းဖြစ်တတ်ပါတယ်။
ဒါကြောင့်—
“မေ့တယ် = Alzheimer’s”
လို့တော့ မသတ်မှတ်နိုင်ပါဘူး။
ဒါပေမယ့် မှတ်ဉာဏ်ပြဿနာက တဖြည်းဖြည်းများလာပြီး နေ့စဉ်ဘဝကို ထိခိုက်လာပြီ ဆိုရင်တော့ ပေါ့ပေါ့မယူဆသင့်ပါဘူး။
---
✅ Alzheimer’s ဆိုတာ ဘာလဲ?
Alzheimer’s disease ဆိုတာ ဦးနှောက်ထဲက nerve cells တွေ ပုံမှန်အလုပ်လုပ်နိုင်စွမ်း တဖြည်းဖြည်းကျဆင်းပြီး မှတ်ဉာဏ်၊ စဉ်းစားနိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ နေ့စဉ်လုပ်ငန်းတွေကို ထိခိုက်လာစေတဲ့ progressive brain disease တစ်ခုပါ။
✅ “Dementia” ဆိုတာ ရောဂါတစ်ခုတည်းရဲ့နာမည် မဟုတ်ပါဘူး။
မှတ်ဉာဏ်နဲ့ အခြား cognitive functions တွေ ကျဆင်းလာပြီး နေ့စဉ်ဘဝကို ထိခိုက်စေတဲ့ အခြေအနေအုပ်စုကို dementia လို့ခေါ်တာပါ။
Alzheimer’s disease ကတော့ dementia ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အများဆုံးဖြစ်ပြီး dementia cases ရဲ့ ခန့်မှန်းခြေ 60–70% နဲ့ ဆက်စပ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ 2021 ခုနှစ်က dementia နဲ့ နေထိုင်သူ 57 million ခန့် ရှိခဲ့ပြီး နှစ်စဉ် လူနာအသစ် 10 million နီးပါးဖြစ်ပွားနေပါတယ်။
---
✅ သာမန်မေ့တာနဲ့ Alzheimer’s ဘာကွာလဲ?
ဥပမာ—
သာမန်ဖြစ်နိုင်တာ
“ဖုန်းဘယ်ထားမိပါလိမ့်…
ခဏနေ ပြန်တွေ့သွားတယ်။”
ဒါက ဖြစ်လေ့ရှိပါတယ်။
ဒါပေမယ့်—
“ဖုန်းကို ဘယ်လိုသုံးရမှန်း မသိတော့ဘူး။”
“နေ့တိုင်းသွားနေကျနေရာကို မသိတော့ဘူး။”
“အရင်က လုပ်နေကျအလုပ်တွေကို အဆင့်လိုက် မလုပ်နိုင်တော့ဘူး။”
ဆိုရင်တော့ ပိုပြီးသတိထားသင့်ပါတယ်။
အဓိကက “မေ့တာရှိလား?” တစ်ခုတည်းမဟုတ်ပါဘူး။
“ဒီပြောင်းလဲမှုက နေ့စဉ်ဘဝကို ထိခိုက်နေပြီလား?”
ဆိုတာက ပိုအရေးကြီးပါတယ်။
---
🚨 ဘယ်လိုလက္ခဏာတွေဆို ဆရာဝန်နဲ့ တိုင်ပင်သင့်လဲ?
- မကြာသေးခင်က ဖြစ်ခဲ့တာတွေကို ထပ်ခါထပ်ခါ မမှတ်မိတော့ခြင်း
- မေးပြီးသားမေးခွန်းကို ထပ်ခါထပ်ခါ မေးခြင်း
- အရင်က ရင်းနှီးတဲ့နေရာမှာ လမ်းပျောက်လာခြင်း
- ငွေကြေး၊ ဆေးသောက်ချိန်၊ အိမ်မှုကိစ္စတွေကို စီမံရခက်လာခြင်း
- စကားလုံးရှာရခက်လာခြင်း
- ဆုံးဖြတ်ချက်ချနိုင်စွမ်း သိသိသာသာကျလာခြင်း
- ကိုယ်ရည်ကိုယ်သွေး သို့မဟုတ် အပြုအမူတွေ သိသိသာသာပြောင်းလာခြင်း
ဒါပေမယ့် ဒီလက္ခဏာတွေရှိတာနဲ့ Alzheimer’s သေချာပြီလို့တော့ မဆိုနိုင်ပါဘူး။
အိပ်ရေးမဝခြင်း၊ depression၊ ဆေးဝါးအချို့၊ thyroid problems၊ vitamin deficiency၊ hearing/vision problems နဲ့ အခြား neurological conditions တွေကလည်း cognitive problems ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ဘာသာ diagnosis မလုပ်ဘဲ အကြောင်းရင်းရှာဖို့ စစ်ဆေးတာက အရေးကြီးပါတယ်။
---
✅ အရေးကြီးဆုံးတစ်ချက်နော်
အသက်ကြီးလာတာဟာ Alzheimer’s ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရေးကြီးဆုံး risk factor တစ်ခုဖြစ်ပေမယ့်—
Dementia ဟာ “အသက်ကြီးလာလို့ ဖြစ်ကိုဖြစ်ရမယ့် ပုံမှန်အခြေအနေ” မဟုတ်ပါဘူး။ ❌
ဒါကြောင့် အသက်ကြီးလာတဲ့ မိဘ၊ အဖိုးအဖွားတွေမှာ မှတ်ဉာဏ်နဲ့ နေ့စဉ်လုပ်ဆောင်နိုင်စွမ်းတွေ သိသိသာသာပြောင်းလာရင်—
“အသက်ကြီးလို့ပါ” ဆိုပြီး မထားလိုက်ပါနဲ့။
စောစောသိရင် အကြောင်းရင်းကိုရှာဖို့၊ ပြုပြင်လို့ရတဲ့အရာတွေကို ကုသဖို့နဲ့ မိသားစုအနေနဲ့ ကြိုတင်ပြင်ဆင်ဖို့ အခွင့်အရေးပိုရပါတယ်။
⚠️⚠️⚠️ Part (2) မှာ — “Alzheimer’s ဘာကြောင့်ဖြစ်တာလဲ? ကာကွယ်လို့ရလား?” ဆိုတာ ဆက်ပြောပါမယ်။
🟥 အကျိုးရှိရင် Part2 လို့မန့်ပေးပါ။
မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၊၁၀၊၂၀၂၆