17/06/2019
#ယနေ့ထုတ်သတင်းစာ_သတင်း
◾ တက္ကသိုလ်ဝင်ခွင့် ဇွန် ၂၄ ရက်မှ စတင်လျှောက်ထားနိုင်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရမည့် ပုံစံအိတ်ကို သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးရှိ အခြေခံပညာကျောင်းများ၌ ဇွန် ၂၄ ရက်တွင် စတင်ထုတ်ယူကာ ဝင်ခွင့်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဇွန် ၁၆ ရက်က သိရသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် ပုံစံအိတ်များ ထုတ်ယူပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါအတိုင်း ဖြည့်စွက်ထား သည့် လျှောက်လွှာများကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိ လျှောက် လွှာပြန်လည်တင်သွင်းနိုင်ကြောင်း သိရသည်။
'တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ဇွန် ၂၄ ရက်မှာ စတင်လက်ခံမယ်။ တက္ကသိုလ်တွေအလိုက် တိုက်ရိုက်လျှောက် ရမယ့် ဟာရယ်၊ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကို လျှောက်ရမှာရယ် နှစ်ခုပေါ့။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးအဖွဲ့ကို လျှောက်မယ့်သူတွေကို တိုင်းနဲ့ပြည်နယ်ကျောင်း၂၃ ခုမှာလျှောက်လို့ရမယ်။ သီးခြားကတော့ ပါမောက္ခချုပ်ကို လိပ်မူပြီးတော့ တိုက်ရိုက်လျှောက်ရမယ်။ လျှောက်လွှာအိတ်က တော့ တစ်မျိုးတည်းကိုပဲ အသုံးပြုပြီးတော့ လျှောက် ထားရမှာဖြစ်တယ်'ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းကဲ့သို့ ဝင်ခွင့်များလျှောက်ထားရာတွင် သီးခြားဝင်ခွင့်ဖြင့် လက်ခံမည့် တက္ကသိုလ် ၁၄ ခုကို လျှောက်ထားလိုပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ပါမောက္ခ ချုပ်ကို လိပ်မူကာ လျှောက်ထားရမည်ဖြစ်ပြီး ဆေးတက္ကသိုလ်နှင့် ဆေးပညာ နှီးနွှယ် တက္ကသိုလ်များ၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျုတာ တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ် များ၊ ဝိဇ္ဇာ သိပွံဘာသာရပ်သင်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ နေ့သင်တန်း၊ အဝေးသင်တို့အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့
လိပ်မူကာ တက္ကသိုလ် ၂၃ခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
သီးခြားဝင်ခွင့်ဖြင့် လက်ခံမည့် တက္ကသိုလ် ၁၄ ခုမှာ ရန်ကုန်နည်းပညာ တက္က သိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ရန်ကုန်
ကွန်ပျူတာ တက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေး ကွန် ပျူတာ တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး/လှိုင်)၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့သို့ ပေးပို့မည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တက္ကသိုလ် ၂၃ ခုဖြစ်သော မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ်၊ ရန်ကုန်အဝေးသင်
တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ် တက္ကသိုလ်နှင့် ဟင်္သာတတက္ကသိုလ်တို့တွင် ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သီးခြားဝင်ခွင့်ဖြင့် လက်ခံ မည့် တက္ကသိုလ်များအတွက် သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့လျှောက်ထားရမည် ဖြစ်ပြီး နောက်ကျလျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း၊ တက္က သိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်မည့် အခြားတက္ကသိုလ်ဝင်ခွင့်များအတွက် သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
သတင်း - အိဟေမာ