29/09/2024
တစ်နေ့တာရဲ့အစမှာ ဒီအတွေးလေးတွေ တွေးပါ။
မနေ့ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကုန်မေ့ထားလိုက်ပြီး ဒီနေ့အတွက် ဒီအတွေးလေးနဲ့စတင်လိုက်ရအောင်။
◾ အတိတ်ဆိုတာပြင်လို့မရတော့ဘူး။
မနေ့ကသည် ဒီနေ့အတွက် အတိတ်ဖြစ်သွားပြီ။ မနေ့က၊ အရင်က ကိုယ်လုပ်ခဲ့ ပြောခဲ့ မှားခဲ့တဲ့အရာတွေကို ပြန်ပြင်လို့မရတော့ဘူး။ ဒီနေ့သည်လဲ မနက်ဖြန်အတွက် အတိတ်ဖြစ်လာမှာပဲ။ ဒါကြောင့် မနက်ဖြန်တွေမှာ နောင်တတွေထပ်မရဖို့ ဒီနေ့ရှင်သန်နေရတုန်းမှာ ကောင်းတဲ့အရာတွေကိုပဲ ရွေးချယ်လုပ်ဆောင်ပါ။
◾ပျော်ရွှင်မှုဆိုတာ ကိုယ့်အတွင်းမှာပဲရှိပါတယ်။
တခြားအရာတွေအပေါ်၊ တစ်စုံတစ်ယောက်အပေါ် မှီခိုနေတဲ့ပျော်ရွှင်မှုမျိုး မထားပါနဲ့။ ထိုအရာ၊ ထိုလူတစ်ယောက် မရှိတော့တဲ့အချိန်၊ မပိုင်ဆိုင်လိုက်ရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကုန်သွားပြီး အထီးကျန်ရပါလိမ့်မယ်။ ကိုယ့်ဘာသာပျော်ရွှင်တတ်တဲ့သူတွေက ဘယ်သူမှမရှိတော့ရင်တောင် တစ်ယောက်တည်း ပျော်ရွှင်ရပါတယ်။
◾စေတနာဆိုတာ ငွေကုန်ကြေးကျမရှိပါဘူး။
လူတိုင်းဟာစေတနာနဲ့မတန်ဘူးဆိုနိုင်ကောင်းပေမယ့် အတတ်နိုင်ဆုံး လူတွေအပေါ်စေတနာထားကြည့်ပါ။ အကူညီလိုအပ်နေတဲ့အခါ ကိုယ်ပေးနိုင်သည်အထိပေးလိုက်ပါ။ သင့်စေတနာနဲ့မတန်ဘူးလို့ သင်တွေးလိုက်ရတဲ့အချိန်ဟာ တစ်ခုခုကိုမျှော်လင့်နေမိလို့ပါ။ ကူညီပါ၊ စေတနာထားပါ၊ ဘာကိုမှ ပြန်ပြီးမမျှော်လင့်ပါနဲ့။
◾သင်ရပ်တန့်လိုက်တဲ့အချိန် သင်ကျရှုံးပါပြီ။
ရှေ့ဆက်သွားနေသ၍ သင်မရှုံးသေးပါဘူး။ လဲကျသည့်တိုင် ပြန်ထခွင့်ရှ်ိပါတယ်။ အခက်ခဲတွေရှိလာတဲ့အခါ ကိုယ့်ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေတယ်လို့ အောက်မေ့ပါ။ အဆုံးထိရင်ဆိုင်ဖို့ အသင့်ရှိနေသူအတွက် လိုချင်တဲ့အရာတိုင်းရပါလိမ့်မယ်။ သင်အခုထိ မရှုံးသေးပါဘူး။
ကောင်းမွန်တဲ့နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ပါစေ။
Today is a beautiful day, don't miss it.🌅❤️
(29.9.2024)