01/07/2022
: sayar Ei Maung
"Programming လေ့လာဖို့ ကွန်ပျူတာ ဘယ်လောက်ဆိုရင် ရမလဲ" ဆိုတဲ့မေးခွန်းဟာ ခဏခဏမေးကြတဲ့ မေးခွန်းပါပဲ။ အရင်ကလည်း ပြောခဲ့ဖူးပြီးသားတွေ ဆိုပေမယ့် ထပ်မေးတဲ့သူတွေ များလာတော့လည်း ထပ်ပြောရတာပေါ့။
လိုရင်းအချုပ်အားဖြင့် "အိမ်မှာ ပုံမှန်အင်တာနက် သုံးနေတဲ့ စက်လောက်ဆိုရင် ရပါတယ်" လို့ ဆိုနိုင်ပါတယ်။
တစ်ကယ်တော့ Code Editor နဲ့ Browser Run လို့ရရင် Programming လုပ်လို့ ရနေပါပြီ။ 3D Rendering တွေ ရုပ်သံ Encoding တွေလုပ်မှာ မဟုတ်လို့ အကောင်းတစ်ကာ့ အကောင်းဆုံးဆိုတဲ့စက် ဖြစ်ဖို့ မလိုအပ်ပါဘူး။ AI Model Training လို ကိစ္စမျိုးကျတော့ စွမ်းဆောင်ရည်ကောင်းဖို့ လိုပေမယ့် ဒါက အထူးလိုအပ်ချက် ဖြစ်သွားပါပြီ။ လေ့လာသူတစ်ဦးအနေနဲ့ ဒါကိုအဓိကထား စဉ်းစားဖို့ မလိုအပ်သေးပါဘူး။
အရမ်းမနှေးရင်၊ မလေးရင် တော်လောက်ပါပြီ။ ကွန်ပျူတာ နှေးနေရင်၊ လေးနေရင်ကတော့ Programming မှ မဟုတ်ပါဘူး၊ ဘယ်အလုပ်မှ လုပ်လို့မကောင်းတာပါ။
Progamming အတွက်တင်မကဘူး၊ ဂိမ်းတွေဘာတွေလည်း ကောင်းကောင်း ဆော့ချင်သေးတယ်ဆိုရင်တော့၊ ပိုက်ဆံတတ်နိုင်ရင် တစ်ခါထဲ Gaming ကွန်ပျူတာ သုံးပေါ့။ Programming သက်သက်အတွက်တော့ Gaming ကွန်ပျူတာလောက်ကြီးဖြစ်ဖို့ မလိုအပ်ပါဘူး။ တစ်ချို့ကလည်း "စက်ကောင်းကောင်း ရှိဖို့လိုတယ်" လို့ ပြောပေးစေချင်ကြတဲ့ သဘောကို တွေ့ရပါတယ်။ ဒါမှ "ဆရာပြောလို့" ဆိုပြီး အိမ်ကို Gaming ကွန်ပျူတာ ပူစာလို့ ကောင်းမှာကိုး။
Programming အလုပ်အတွက် အခြေခံလိုအပ်ချက်တွေ ဖြစ်ကြတဲ့ Browser, Code Editor နဲ့ Build Tool တွေအတွက် System Requirement သိပ်မမြင့်ကြပါဘူး။ တစ်ကယ်တမ်း System Requirement လိုအပ်လာမှာက VM တွေ၊ Emulator တွေနဲ့ Resource စားတဲ့ IDE တွေ သုံးရတဲ့အခါမှပါ။ ဒါတွေကလည်း Processing Power လိုအပ်ချက်ထက် I/O နဲ့ RAM လိုအပ်ချက်ကပိုများတဲ့ ကိစ္စတွေဖြစ်ပါတယ်။
ဒါကြောင့် အသင့်အတင့်ထဲက -
- CPU: Intel Core i5 (or) Ryzan 5
- Memory: 16 GB RAM
- Storage: SSD (any capacity)
ဒီလောက်ဆိုရင် ရပါပြီ။
Processor မှာ ဝိတ်နည်းနည်း ထပ်လျှော့ချင်ရင် နောက်ပိုင်းထွက်တဲ့ Generation ထဲက i3 လောက်ဆိုရင်လည်း ရကောင်းရနိုင်ပါတယ်။ နောက် Generation i3 တွေက အရင် Generation i5 ထက် ပိုမြန်တာမျိုးလည်း ရှိတတ်ပါတယ်။
သီးခြား Graphic Card / GPU ပါရင် ကောင်းပါတယ်။ မဖြစ်မနေတော့ မလိုအပ်ပါဘူး။ ကျန် Screen Quality, Build Quality လိုကိစ္စမျိုးတွေကလည်း မဖြစ်မနေလိုအပ်ချက် မဟုတ်ပါဘူး။ Quality ကောင်းရင် စျေးကောင်းမယ်၊ ရေရှည်ခံမယ်၊ Quality မကောင်းရင် စျေးအနည်းငယ် သက်သာမယ်၊ ရေရှည်တော့ ခံချင်မှခံမယ်ဆိုတဲ့ စက်ပစ္စည်းများရဲ့ သဘောအတိုင်းပါဘူး။ တတ်နိုင်ရင် ကောင်းတာ သုံးသင့်ပေမယ့် မဖြစ်မနေလိုအပ်ချက်တော့ မဟုတ်ဘူးဆိုတာကို ပြောတာပါ။
မလျှော့စေချင်တာကတော့ RAM နဲ့ SSD ပါပဲ။ RAM က ဒီမှာရောင်းကြတဲ့ စက်တွေမှာ 8 GB လောက်နဲ့သာ အလာများကြလို့ ကိုယ့်ဘာသာ ထပ်စိုက်ဖို့ လိုနိုင်ပါတယ်။ ပြီးတော့ SSD မပါဘဲ HDD နဲ့ ဖြစ်နေမယ်ဆိုရင်လည်း မဖြစ်မနေ SSD နဲ့လဲသုံးဖို့ လိုနိုင်ပါတယ်။ SSD ဟုတ်ခြင်း မဟုတ်ခြင်းက စက်ရဲ့ ရေရှည်ခံမှုမှာရော စွမ်းဆောင်ရည်မှာပါ အတော်ကွာလို့ပါ။
ဒါက အနိမ့်ဆုံးဖြစ်သင့်တဲ့ လိုအပ်ချက်ကို ပြောတာပါ။ တတ်နိုင်ရင်တော့ တတ်နိုင်သလို ပိုကောင်းတာကို သုံးပေါ့။
Mac တွေရော မကောင်းဘူးလား? ကောင်းတာပေါ့။ ကိုယ်တတ်နိုင်ဖို့ပဲ လိုတာပါ။ တတ်နိုင်လို့ Mac ပဲ ကိုင်မယ်ဆိုရင်လည်း အရင် Intel Mac တွေတော့ မစဉ်းစားပါနဲ့တော့။ နောက်ပိုင်း ထွက်တဲ့ M1 တို့ M1 Pro တို့ ဘာတို့သာ စဉ်းစားပါ။ M2 ကတော့ အခုမှ စခါစဆိုတော့ M2 နဲ့ လိုချင်ရင် နည်းနည်း စောင့်လိုက်တာ ပိုကောင်းပါလိမ့်မယ်။
ဖုန်းနဲ့ရော Programming လုပ်လို့ရလား? ဒါတော့ ဆောရီးပါ၊ မရနိုင်ပါဘူး။ ရနိုင်ပါတယ်ဆိုရင် အပေါ်ယံလောက်ပဲ ဖြစ်မှာပါ။ တစ်ကယ့် လေးလေးနက်နက် ကျွမ်းကျင်အဆင့်ထိ သွားလိုတယ်ဆိုရင် ဖုန်းပေါ်မှာကုဒ်ရေးဖို့ လောလောဆယ် အဆင်မပြေသေးပါဘူး။
Programming ပညာရပ်နဲ့ အမှန်တစ်ကယ် ပေါက်ရောက်အောင်လုပ်ချင်ရင် ကွန်ပျူတာလေးတစ်လုံးနဲ့ အင်တာနက်ကတော့ မဖြစ်မနေလိုအပ်တဲ့ အခြေခံလိုအပ်ချက်ပါ။
ဒီကွန်ပျူတာလေးတစ်လုံးနဲ့ အင်တာနက်သာ ရှိပြီဆိုရင်တော့ သင်ယူလေ့လာစရာတွေက သိန်းပေါင်းများစွာရင်းပြီး ကျောင်းတွေ၊ သင်တန်းတွေ တက်နိုင်မှ မဟုတ်တော့ပါဘူး။ တတ်နိုင်ရင်ကောင်းပေမယ့်၊ မတက်နိုင်လည်း ကိုယ့်လက်ဖျားနားမှာတင် အဖိုးတန်ပညာရပ်တွေကို အဖိုးအခကုန်ကျစရာမလိုဘဲ လေ့လာလို့ရနိုင်သွားပါပြီ။
လေ့လာစရာရှားပါးမှာကို ပူရတဲ့ခေတ် မဟုတ်တော့ပါဘူး။ ကိုယ့်ဘက်က လိုက်လုပ်နိုင်မလုပ်နိုင်လောကိုသာ ပူရတော့မှာပါ။
အားလုံးပဲ အဆင်ပြေကြပါစေ။
Crd: Sayar Ei maung